ဖူးစာရေးနတ်ရက်စက် ပေါင်းဖက်ရလေသောအခါ
တရုတ်နိုင်ငံတွင် လူကုန်ကူးခံရ၍ သေပြေးရှင်ပြေးထွက်ပြေးပြီး လွတ်မြောက်လာသော ခင်နုတစ်ယောက် အမိနိုင်ငံ၏ လူကုန်ကူးခံရသူများ စောင့်ရှောက်သောဂေဟာ ရောက်သောအခါ သူမအတွက် အံ့သြစရာများ ကြုံနေရသည်။
လူကုန်ကူးသူ လင်မယားနှစ်ယောက်က မန္တလေး တွင် အလုပ်သွင်းပေးမည်ဆိုပြီး တရုတ်နိုင်ငံ သို့ ခေါ်သွား၍ တရုတ်အမျိုးသားများနှင့် အဓမ္မ ထိမ်းမြား လက်ထပ်ရန် ကြိုးပမ်းနေခြင်းမှ အသက် ၂၃ အရွယ် ခင်နု(ကာယံရှင်ဆန္ဒအရ အမည်ပြောင်း ထားပါသည်) ကံကောင်း၍ လွတ်မြောက် လာခြင်းဖြစ်ပါသည်။
သူမကလွတ်မြောက်လာ၍ ပျော်ရွှင်နေချိန်တွင် လူကုန်ကူးခံရသူများ စောင့်ရှောက်သော ဂေဟာရှိ ဘ၀တူ အခြားမိန်းကလေးအချို့မှာ တရုတ်နိုင် ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာ၍ ၀မ်းနည်းနေကြသည့်အတွက် သူမအံ့သြနေခြင်းဖြစ်ပါသည်။ ထိုသို့ တရုတ်နိုင်ငံ တွင် အဓမ္မထိမ်းမြား လက်ထပ်ခံခဲ့ရပြီး သားသမီးများ ရပြီးကာမှ မြန်မာနိုင်ငံသို့ လူကုန်ကူးခံရ သူများအဖြစ် ပြန်ရောက်လာသော မိန်းကလေးများမှာ ခင်နုကဲ့သို့ ထွက်ပြေးလာခြင်းမဟုတ်ဘဲ
တရုတ်ရဲများက ဖမ်းပြီးပြန်ပို့သဖြင့် ရောက်ရှိလာကြသူများသည်။
“သူတို့က ဟိုမှာကျန်ခဲ့တဲ့ သားသမီးတွေ၊ ယောက်ျားတွေကို လွမ်းနေတာ။ ကယ်ဆယ်ရေးစခန်း မှာတွေ့ ခဲ့တဲ့ တရုတ်မှာ လက်ထပ်ခဲ့ရတဲ့ မိန်းကလေးအများစု ကလေးရထားကြပြီးသားတွေများ တယ်။ တချို့ ကတော့ ယောက်ျားထက် ကလေးကို ပိုလွမ်းပြီး ပြန်ချင်နေကြတာ”ဟု ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့ နယ်နေ ခင်နုက သူမ၏အတွေ့အကြုံကို ပြန်လည်ပြောပြသည်။
မြန်မာနိုင်ငံမှ လူကုန်ကူးခံရသော အမျိုးသမီးအများစုမှာ တရုတ်နိုင်ငံသို့ဖြစ်ပြီး၊ တရုတ်အမျိုးသားများနှင့် အဓမ္မထိမ်းမြားလက်ထပ်ရန် ရောင်းစားခံကြရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ၂၀၁၁ ခုနှစ် သြဂုတ်လ ၃၁ ရက်ထိ ဖော်ထုတ်ရရှိခဲ့သော လူကုန်ကူးမှုစုစုပေါင်း ၇၃၁ မှုတွင် ၇၀ ရာခိုင်နှုန်းခန့်မှာ အဓမ္မထိမ်းမြားလက်ထပ်ရန် ရောင်းစားခံကြရခြင်းဖြစ်သည်။ အထူးသတိပြုရမည့် အချက်မှာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုဖြစ်စဉ်အားလုံး၏ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ ဦးတည် ခဲ့သည်။
လူကုန်ကူးမှုစုစုပေါင်း ၁၃၆ မှု ဖော်ထုတ်နိုင်ခဲ့သော ၂၀၁၁ ခုနှစ် တစ်နှစ်အတွင်းမှာပင် ၈၉ မှုမှာ အဓမ္မထိမ်းမြားလက်ထပ်ရန်ဖြစ်ပြီး အားလုံးနီးပါးမှာ တရုတ်နိုင်ငံတွင် ဦးတည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှ အမျိုးသမီးများ တရုတ်နိုင်ငံသို့ အဓမ္မထိမ်းမြားလက်ထပ်ရန် ရောင်းစားခံရမှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းတွင် တရုတ်နိုင်ငံတွင် မိသားစုတစ်စု ကလေးတစ်ဦးသာ ယူရသော (One Child One Family) ပေါ်လစီနှင့် မိသားစုအများစုမှာ သားယောက်ျားလေးကိုသာ အဓိကရလိုပြီး ယူကြသဖြင့် အမျိုးသားဦးရေမှာ အမျိုးသမီးဦးရေထက် ပိုများနေခြင်းမှာ အဓိကဖြစ်သည်။
ထို့အပြင် နှစ်နိုင်ငံနယ်စပ်မှာ လွယ်ကူစွာ သွားလာနိုင်ခြင်း၊ လူပွဲစားများ၏ စည်းရုံးမှုတွင် အမျိုးသမီးများ အယုံလွယ်ခြင်းနှင့် တရုတ်နိုင်ငံတွင် လူကုန်ကူးသောပွဲစားများကို အရေးယူအပြစ်ပေး မှုမှာ ပြင်းထန် ထိရောက်ခြင်း မရှိ၍ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ပြောသည်။ နိုင်ငံ၏ စီးပွားရေးကျပ်တည်းမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ နည်းလွန်းခြင်းမှာလည်း မြန်မာသမီးပျိုများ ဘ၀တက်လမ်းအတွက် ရပ်ဝေးသွားရောက်စေရန် တွန်းပို့ မှုဖြစ်စေသော အခြေအနေဖြစ်ပြီး လူကုန်ကူးခံနေရခြင်း၏ အဓိကအကြောင်းရင်း တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက တညီတညွတ်ပြော၏။
လူဦးရေသန်း ၁၃၃၀ ကျော်ရှိသော တရုတ်နိုင်ငံတွင် အမျိုးသား၊ အမျိုးသမီးဦးရေ မမျှတမှုကြောင့် သတို့ သမီးလိုအပ်ချက် မြင့်မားနေခြင်း၏ သားကောင်များမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သော မြန်မာ၊ လာအိုနှင့် ဗီယက်နမ်တို့မှ အမျိုးသမီးအချို့ဖြစ်လာသည်။ နိုင်ငံတကာအဖွဲ့အစည်းအချို့၏ အစီရင်ခံစာများ အဆိုအရ ၂၀၁၀ ခုနှစ် ကျော်လာသောအခါ တရုတ်အမျိုးသားသန်း ၄၀ ကျော်သည် အိမ်ထောင်ပြုရန် သတို့ သမီးမရှိဖြစ်နေသည်။
သားယောက်ျားလေးကိုသာ ရယူလိုသော ထုံးတမ်းအစဉ်အလာကြောင့် ၂၀၃၀ ခုနှစ်အရောက်တွင် မိန်းကလေး ၁၀၀ ဦးမွေးလျှင် ယောက်ျားလေး ၁၂၀ မွေးကာ၊ ထို့နောက်ပိုင်း ယောက်ျားလေးဦးရေက မိန်းကလေးဦးရေထက် အကြမ်းဖျင်း ၂၀ ရာခိုင်နှုန်း များလာဖွယ်ရှိကြောင်း ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ခန့်မှန်းတွက်ချက် ဖော်ပြထားပါသည်။
တရုတ်နိုင်ငံတွင် သတို့သားများအတွက် တရုတ်အမျိုးသမီးကိုယူလျှင် အသုံးပြုရသော မင်္ဂလာဆောင် ကုန်ကျစရိတ်မှာ မနည်းလှ၍ ကျေးလက်များရှိ ငွေကြေးမကြွယ်ဝသော တရုတ်အမျိုးသားများအတွက် တရုတ်သမီးသတို့သမီး ရရန်မလွယ်ကူပေ။ တစ်ဖက်တွင် မြန်မာ၊ လာအို၊ ဗီယက်နမ်ကဲ့သို့ နိုင်ငံများမှ အမျိုးသမီးကို ၀ယ်ရသောနှုန်းမှာ တရုတ်သတို့သမီးနှင့် မင်္ဂလာဆောင်သည်ထက် များစွာသက် သာနေခြင်း မှာလည်း အဓမ္မထိမ်းမြားလက်ထပ်သော လူကုန်ကူးမှုဖြစ်စေခြင်း၏ အကြောင်းရင်း တစ်ခုဖြစ်ကြောင်း UNIAP (လူကုန်ကူးမှုတိုက်ဖျက်သော ကုလသမဂ္ဂစီမံချက်)မှ အမျိုးသားစီမံ ချက်ညှိနှိုင်းရေး မှူး ဒေါ်ဥမ္မာအိအိချောက ပြောသည်။
“တချို့ပြန်လာတဲ့သူ၊ အဓမ္မထိမ်းမြားလက်ထပ်ရန် ရောင်းစားခံရပြီး လွတ်မြောက်လာသူတွေ ကို မေးကြည့် တယ်။ တကယ်ပဲ တရုတ်ရွာတွေမှာ အမျိုးသမီးမရှိတော့လို့ နင်တို့ကို ယူတာလားလို့ မေးတဲ့အခါမှာ မဟုတ်ဘူး။ သူတို့ရွာတွေမှာ အမျိုးသမီးလေးတွေရှိတယ်။ ဒါပေမဲ့ ရွာမှာရှိတဲ့ အမျိုးသမီးတွေက သူတို့ရွာက ဆင်းရဲသားအမျိုးသားတွေကို မလိုချင်တဲ့အခါကျတော့ သူတို့က မြို့ပေါ်တက်မယ်။ တခြားနေရာသွားမယ်။ ပိုက်ဆံချမ်းသာတဲ့ ယောက်ျားကိုပဲ ယူမယ်ပေါ့။ အဲဒါမျိုးတွေ တွေ့ရတယ်ဆိုတော့ နေရာတိုင်းမှာလည်း ကျား၊မ မမျှလို့ဆိုတာ မဟုတ်ဘူး”ဟု ဒေါ်ဥမ္မာအိအိချောက ပြောသည်။
သို့သော် ကံအနည်းငယ်ကောင်းသော အဓမ္မထိမ်းမြားလက်ထပ်ခံရသူ အမျိုးသမီးများမှာ ၎င်းတို့ကို ၀ယ်၍ ယူထားသော တရုတ်အမျိုးသားက သဘောကောင်းပြီး သံယောဇဉ်ရှိ သွားသဖြင့် ကောင်းမွန် စွာ ပေါင်းသင်း ဆက်ဆံသည်လည်းရှိသည်။ စားဝတ်နေရေး အဆင်ပြေပြီး သားသမီးများပင်ရကာ ဘ၀သစ် တွင် ပျော်မွေ့သော အမျိုးသမီးများမှာ အဆင်မပြေမှု၊ ဆင်းရဲကျပ်တည်းမှုများ ပြည့်နှက်နေသည့် ဘ၀ဟောင်းရှိရာ မိခင်နိုင်ငံသို့ပင် မပြန်လိုတော့။ ထိုကဲ့သို့ အမျိုးသမီးများအား တရုတ်ရဲများက တရုတ်နိုင်ငံသူမဟုတ်၍ ဖမ်းဆီးစစ်ဆေးပြီး မိခင်နိုင်ငံပြန်ပို့ချိန်တွင်
လူကုန်ကူးခံရမှုမှ လွတ်မြောက်လာသော်လည်း မပျော်နိုင်ဘဲ တရုတ်မှမိသားစုနှင့် ဘ၀သစ်ထံ သို့သာ ပြန်သွားလိုကြသည်။
ခင်နုတစ်ယောက် မူဆယ်မြို့အနီးရှိ လူကုန်ကူးခံရသူများ စောင့်ရှောက်သည့်ဂေဟာတွင် တွေ့ခဲ့ရသော တရုတ်သို့ပြန်လိုသူ အမျိုးသမီးအချို့သည်လည်း ဘ၀သစ်က ဘ၀ဟောင်းထက် များစွာသာလွန်ပြီး၊ သားသမီးသံယောဇဉ်များကြောင့် ဖြစ်ပါသည်။
ရပ်ကွက်အတွင်း ကျပန်းဈေးရောင်းသလို တောင်ဥက္ကလာပရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ် လုပ်သော ခင်နုတစ်ယောက် ၂၀၁၁ ခုနှစ် ဇူလိုင်လ၏ နေ့တစ်နေ့တွင် လမ်းထိပ်လက်ဖက်ရည် ဆိုင်၌ပြသော ဗီဒီယိုဇာတ်ကား ၀င်ကြည့်ရာမှ ဘ၀တစ်ဆစ်ချိုးခဲ့သည်။ ဇာတ်ကားကြည့်နေစဉ် ဘေးဝိုင်းရှိ မျက်မှန်းတန်းမိစ ကိုမွေခမ်းနှင့် မနော်မေတို့ လင်မယားနှစ်ဦးက စက်ရုံလက်ရှိလုပ်ခလစာမေး၍ နည်း လွန်းကြောင်းပြောကာ မန္တလေးရှိ အထည်ချုပ်စက်ရုံတွင် တစ်လကျပ်နှစ်သိန်းခွဲဖြင့် အလုပ်သွင်းပေးမည်ဟု ဆိုလာသည်။
စာမတတ်ဘဲ လုပ်ချင်ရာဇွတ်လုပ်တတ်သော ကလေးတစ်ယောက်မိခင်ခင်နု သူမ(သူမ၏ အမျိုးသားနှင့် အိမ်ထောင်ကွဲနေသည်)က တစ်ထိုင်တည်းဆုံးဖြတ်၍ ထိုလင်မယားနောက်ကို ညတွင်းချင်းလိုက်ရာ မန္တလေးမရောက်ဘဲ တရုတ်သို့ရောက်သွားသည်။ တရုတ်ကျေးရွာတစ်ခုထိ သူ့အားခေါ်သွား၍ တရုတ် အမျိုးသားတစ်ဦးထံ ရောင်းစားရန် ခင်နုကိုပြ၍ ဈေးဆိုကြသည်။ အခြေအနေမှန် သိသွားပြီးနောက် ခင်နုက လူကုန်ကူးသော လင်မယားနှစ်ဦးဆန္ဒအတိုင်း တရုတ်အမျိုးသားနှင့် လက်ထပ်ပါမည်၊ သူမအဆင်ပြေရန် ၀တ်စုံသစ်ဝယ်ပေးရန် အချိုသပ်ပြောကြား၍ ထိုလင်မယားအ၀တ်အစား ထွက်ဝယ်စဉ် အိမ်၌ကျန်ခဲ့သော တရုတ်အဘွားအိုကို လှည့်စားကာ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်သည်။
“တစ်နာရီခွဲ၊ နှစ်နာရီလောက် ပြေးတယ်။ အဲဒီအိမ်မှာရှိတဲ့ ယောက်ျားကြီးတစ်ဦးက လက်ထဲအချွန်ကြီး ကိုင်လာပြီး လိုက်လာတာကြောက်လို့ တအားပြေးတယ်။ လူတွေရှိတဲ့တစ်နေရာ သူကမီတော့ အုတ်ခဲကောက် ကိုင်ပြီး လာခဲ့ထုလိုက်မယ်ပြောတယ်။ ဘေးကလူတွေက ဒီအတိုင်းကြည့်နေတာ။ သူလည်း အနားမကပ်ရဲဘူး။ သူ့ကို မျက်ခြည်ပြတ်အောင် တစ်အိမ်ဝင် တစ်အိမ်ထွက်ပြေးရင်း တစ် အိမ်ရောက်တော့ မြန်မာကလေးအမေတစ်ယောက်က ပိုက်ဆံချေးပေးလို့ တက္ကစီငှားပြီး ခိုးပေါက်ကို ပို့ ထွက်ပြေးခိုင်းလို့ လွှတ်လာတာ”ဟု ခင်နုက သူမအတွေ့အကြုံကို ပြန်ဝေမျှသည်။ သူမနယ်စပ်စည်းရိုး ခိုးကျော်သောနေရာမှာ ကျယ်ဂေါင်မြို့(တရုတ်ဘက်ခြမ်း)၊ မူဆယ်ကြားရှိ စည်းရိုးဖြစ်ပြီး ထိုမှတစ်ဆင့် မူဆယ်ရဲစခန်း၊ ထိုမှ လူကုန်ကူးခံရသူများ စောင့်ရှောက်သော ဂေဟာတွင် တစ်လ၀န်းကျင် နေခဲ့သည်။
ခင်နု ထိုဂေဟာတွင် ရင်းနှီးခဲ့သူတစ်ဦးဖြစ်သော ရှမ်းတိုင်းရင်းသူနန်းဝေ(အမည်ပြောင်းထား) မှာ တရုတ် ရဲက ဖမ်းပြီးပြန်ပို့၍ ဂေဟာသို့ရောက်လာခြင်းဖြစ်သည်။ နန်းဝေအသက်ငါးနှစ်ခန့်တွင် တရုတ် အမျိုး သမီးကြီးတစ်ဦးက မွေးစားမည်ဆိုပြီး တရုတ်ပြည်ခေါ်သွားကာ ၁၄ နှစ်အရွယ်ရှိသောအခါ တရုတ် အမျိုးသားတစ်ဦးထံရောင်း၍ အဓမ္မလက်ထပ်ခံခဲ့ရခြင်းဖြစ်သည်။ အိမ်ထောင်သက် ၆ နှစ် ခန့်ရှိပြီဖြစ်ပြီး အမျိုးသားက သူမအပေါ်ကောင်းသလို ကလေးတစ်ယောက်ရှိသည်။ ထို့ကြောင့် အသက်(၂၀) အရွယ် ကလေးမိခင်မှာ ကလေးကိုလွမ်း၍ မကြာခဏငိုသည်။
“စခန်းမှာတွေ့တဲ့ လူကုန်ကူး ခံရတဲ့သူတွေထဲမှာ ကလေးရခဲ့တဲ့ ကလေးမအေတွေ များတယ်။ တချို့က သူ့ကလေးကို မပြတ်နိုင်ဘူး။ သူ့ယောက်ျားကိုလည်း မပြတ်နိုင်ဘူး ဖြစ်နေကြတာ။ အညာကအမျိုးသမီး ၅ ဦး၊ ၆ ဦးရောက်လာတာလည်း တွေ့ရတယ်။ သူတို့ကကြောက်လို့ လမ်းကနေ လွတ်အောင်ပြေးလာတာ၊ တရုတ်နိုင်ငံမရောက်ဘူး။ အများစုကတော့ အသက်၂၀
ကျော် ၃၀ အတွင်းတွေပဲ။ ရှမ်းတွေ၊ ပလောင်တွေ၊ ဗမာအမျိုးသမီးတွေများတယ်။ ၁၇ နှစ်ပဲရှိသေးတဲ့ လှိုင်သာယာက ကောင်မလေးတစ်ယောက်လည်း တွေ့ခဲ့တယ်။ သူလည်း ယောက်ျားယူခံရတာပဲတဲ့။ သူကတအားဆော့တာ။ သူ့ယောက်ျားက ဆော့လွန်းလို့ မျက်စိနောက်တယ် ဆိုပြီး ပြန်ပို့တာ လို့ ပြော တယ်”ဟု ခင်နုက လူကုန်ကူးခံရသူများ စောင့်ရှောက်သော ဂေဟာတွင် ကြုံခဲ့ရသည့် အတွေ့အကြုံကို ရယ်ရယ်မောမောပြောသည်။
အဓမ္မထိမ်းမြားလက်ထပ်မှုများတွင် မုဆိုးကိုယ်တိုင်၊ သားကောင်ဖြစ်ရသည်များလည်း ရှိသည်။ လူကုန်ကူး ခံရသည်ဆိုသော အမျိုးသမီးကိုယ်တိုင်က လူပွဲစားနှင့် ကြိုတင်အကွက်ဆင်၍ တရုတ်အမျိုးသား ထံ ရောင်းစားခံကာ ခေတ္တပေါင်းသင်းပြီးနောက် ထွက်ပြေးလာခြင်းမျိုးဖြစ်သည်။
“၂၀၁၀ နောက်ပိုင်းကစပြီး ပွဲစားက စစည်းရုံးကတည်းက တရုတ်အမျိုးသားနဲ့ လက်ထပ်ရမယ်။ ကျပ် ၁၀ သိန်း၊ ကျပ် ၁၅ သိန်းရမယ်။ ခြောက်လလောက်ပေါင်းပြီး ပြန်လာလို့ရမယ်။ ကလေး တစ်ဦး မွေးပြီး ရင် ပြန်လာ လို့ရမယ်ဆိုပြီး သဘောတူညီမှုနဲ့ ပို့ရောင်းစားတာတွေ တွေ့လာရတယ်”ဟု ဒုတိယ ရဲမှူးကြီးညွန့်လှိုင်က ပြောသည်။
“တစ်ခါတလေကျတော့လည်း အတိုင်းအတာတစ်ခုထိ တရုတ်တွေနဲ့ ယူရမယ်ဆိုတာ သိတယ်။ ပွဲစားကိုယ်တိုင်က သင်ပေးလိုက်တာမျိုးတွေ ရှိတယ်။ နင်တို့ပြန်ထွက်ပြေးလာလို့ ရတယ်။ ဘာညာ ဆိုပြီးတော့ပေါ့။ တချို့တရုတ်အမျိုးသားတွေလည်း အဲဒီလိုမျိုးမှာ ဒုက္ခရောက်တဲ့သူတွေရှိတယ်။ သူလယ်ရင် ကိုယ်ခံ၊ ကိုယ်လယ်ရင်လည်း သူခံသွားရတာမျိုးတွေ ရှိတာပေါ့နော်” ဟု ဒေါ်ဥမ္မာ အိအိချောကလည်း သုံးသပ်ပြသည်။
စီးပွားရေးကျပ်တည်းမှုကြောင့် ထွက်ပေါက်အဖြစ် ပွဲစားနှင့်တိုင်ပင်ကာ ထိုသို့ပြုလုပ် ၀င်ငွေရှာဖွေမှုမှာ အဖြေကောင်းမဟုတ်ပါ။ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများအတွက်လည်း ထိုအခြေအနေက အဟန့်အတားသစ် ဖြစ်လာစေသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှု ကာကွယ်တားဆီးတိုက်ဖျက်ရေးလုပ်ငန်းများမှာ အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုများအရ အောင်မြင်မှုများ ရရှိနေပြီဖြစ်သလို စိန်ခေါ်မှုများစွာလည်း ရှိပါသေးသည်။
အစိုးရက နိုင်ငံတကာလက်ခံသော လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ ခုနှစ်တွင် စက်တင်ဘာ ၁၃ ရက်က ပြဋ္ဌာန်းခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ခြောက်နှစ်တာ ကာလ အတွင်း လူကုန်ကူးမှု ၇၇၇ မှုကို ဖော်ထုတ်အရေးယူနိုင်ခဲ့သည်။ တရားခံ ၂,၁၆၄ ဦးကို ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး၊ လူကုန်ကူးခံရသူ ၁,၃၃၁ ဦးကို ကယ်တင်ပေးနိုင်ခဲ့သည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ လူကုန်ကူးသူမှာ ပြစ်ဒဏ်ထင်ရှားလျှင် ထောင်ဒဏ်ငါးနှစ်မှ ဆယ်နှစ်အထိ ချမှတ်အရေးယူပြီး၊ အခြားပြစ်မှုများပါ ကျူးလွန်လျှင် အမြင့်ဆုံးသေဒဏ်အထိ ချမှတ်သည်ကို တွေ့ရသည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအထူးအဖွဲ့ ၂၄ ဖွဲ့ကို ဖွဲ့စည်းခြင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်ရန် အရေးပေါ် ဖုန်းနံပါတ်များ (Hot Line) ထားရှိပေးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပညာပေးလုပ်ငန်း၊ ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ ကို ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော တရားမ၀င်မြန်မာ အလုပ်သမား များအတွက် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်းမှာလည်း လူကုန်ကူးကာကွယ်ရေး လုပ်ငန်းများ အတွက် အထောက်အကူပြုသည်။
ထိုသို့ ဆောင်ရွက်ချက်များကြောင့် အမေရိကန်နိုင်ငံ၏ ၂၀၁၂ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ တွင် မြန်မာနိုင်ငံကို လူကုန်ကူးမှုအန္တရာယ် အများဆုံးနိုင်ငံများစာရင်းမှ အဆင့်မြှင့်၍ စောင့်ကြည့်အဆင့်-၂ သို့ သတ်မှတ်ပေးခဲ့သည်။
လူကုန်ကူးမှုမှာ မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲသော နိုင်ငံများသာမက ချမ်းသာသောနိုင်ငံများ၌ပင် ဖြစ်ပွားသည်။ ကမ္ဘာတွင် နှစ်စဉ်လူ ၂ ဒသမ ၅ သန်း နေ့စဉ် ၆၈၀၀ လူကုန်ကူး ခံနေရသည်။ ပြည်တွင်း ၌ ဖြစ်ပွားသောလူကုန်ကူးမှုပုံစံများမှာ အဓမ္မထိမ်းမြား လက်ထပ်ခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ လုပ်အားခေါင်း ပုံဖြတ်ခြင်း၊ ကလေးလူကုန်ကူးခြင်း၊ အဓမ္မတောင်းရမ်းခိုင်းခြင်း၊ အဓမ္မမွေးစားခြင်း၊ လိင်ခေါင်းပုံဖြတ်ခြင်း တို့ဖြစ်သည်။ အဓမ္မထိမ်းခြားလက်ထပ်ခြင်းမှာ အများဆုံးဖြစ်ပါသည်။
သို့သော် နိုင်ငံ့စီးပွားရေး ကျဆင်းနေခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးနေခြင်း၊ လူကုန်ကူးမှု အများဆုံးဦးတည်ရာ တရုတ်နိုင်ငံတွင် ပွဲစားများနှင့် လူကုန်ကူးတရားခံများအား ထိရောက်စွာ ပြစ်ဒဏ်ချမှတ်သော ဥပဒေများ မရှိသေးခြင်း၊ လူကုန်ကူးခံရသူများကို ကယ်တင်ပြီးပါက ဘ၀ရပ်တည်နိုင်ရေးအတွက် မဆောင်ရွက်ပေးနိုင်သေးခြင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ လူအများစု ဗဟုသုတနည်းနေခြင်း ပြည်တွင်း၌ဖြစ်သော လူကုန်ကူးမှုများ တိုးလာခြင်း စသည်တို့မှာလည်း စိန်ခေါ်ချက်များဖြစ်ပါသည်။
အစိုးရသစ်လက်ထက်တွင် ပေါ်ပေါက်လာသော လွှတ်တော်များမှာလည်း တစ်ကြိမ်ထက်တစ်ကြိမ် မေးခွန်း၊ အဆို၊ ဥပဒေကြမ်းများ ပိုမိုတင်သွင်း ဆွေးနွေးလာသော်လည်း ယနေ့အထိ လူကုန်ကူးမှုနှင့် ပတ်သက် ၍ ဆွေးနွေးမှုလုံးဝမရှိသေးပေ။ လူကုန်ကူးမှုမှာ စီးပွားရေးနိမ့် ကျမှုကြောင့် ပေါ်ထွက် လာသော ပြဿနာတစ်ရပ်ဖြစ်ပြီး၊ စီးပွားဖွံ့ဖြိုးအောင် လုပ်နိုင်သည်နှင့် ထိုပြဿနာဖြေရှင်းပြီး ဖြစ်မည်ဟု လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကပြောသည်။
လူကုန်ကူးသူများလက်မှ စွန့်စွန့်စားစား ထွက်ပြေးလွတ်မြောက်လာသော်လည်း ခင်နုတစ်ယောက် ရန်ကုန်ပြန်ရောက်၍ ကိုးလကြာသည့်တိုင် အသက်မွေးဝမ်းကျောင်းအတွက် အလုပ်တစ်ခုရရန် သူမ စွမ်းဆောင်နိုင်သေးပါ။ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း သူ့ကို ထောက်ပံ့ကြေးငါးထောင်ပေး၍ အိမ် အရောက် ကောင်းမွန်စွာ စောင့်ရှောက်ပို့ဆောင်ပေးခဲ့သည်။ အလုပ်ရရန်တော့ ကူညီနိုင်မည့်သူ မရှိသေး ပါ။ ဆွေမျိုးများ မရှိတော့သော နန်းဝေတစ်ယောက် ဘယ်ဆီရောက်နေသည်ကို ခင်နုလည်းမသိတော့ပါ။
ရေးသားသူ-အားမာန်