|

ICRC ကို ထောင်တွင်း ပြည်လည်ဝင်ခွင့်ပြုနိုင်ဟု ဂျွန်မက်ကိန်းပြော

ICRC ကို ထောင်တွင်း ပြည်လည်ဝင်ခွင့်ပြုနိုင်ဟု ဂျွန်မက်ကိန်းပြော

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC) ကို မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်များသို့ ၀င်ရောက်ခွင့် ပြုနိုင်ဖွယ်ရှိကြောင်း အမေရိကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ရန်ကုန်ရှိ အမေရိကန်စင်တာ၌ ယနေ့နံနက်ပိုင်းက သတင်း စာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောဆိုခဲ့သည်။
မစ္စတာဂျွန်မက်ကိန်းသည် မြန်မာ ဒုတိယသမ္မတသီဟသူရဦးတင် အောင်မြင့်ဦးနှင့် ဗုဒ္ဓဟူးနေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ရာ အကျဉ်းထောင်များသို့ ICRC သွားရောက်စစ်ဆေးခွင့် ရရေးနှင့် နိုင်ငံရေး အကျဉ်းသားများ အခွင့်အရေး အပြည့်အ၀ ရရှိရေးတို့ကို တောင်းဆို ခဲ့ကြောင်း၊ မြန်မာအစိုးရက စဉ်းစားပေးမည်ဟု ပြန်ပြော ကြောင်း၊ ICRC အဖွဲ့အနေဖြင့် လာမည့် သီတင်းပတ် အနည်းငယ် အတွင်း မြန်မာ အကျဉ်း ထောင်များသို့ လာရောက်လည်ပတ်ခွင့် ပြုနိုင်ဖွယ်ရှိ ကြောင်း သတင်း ထောက် များကို ရှင်းလင်းသည်။

မြန်မာအစိုးရက ထိုသို့ ခွင့်ပြု မည်ဆိုပါက မြန်မာ - အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေးအတွက် ပထမ ခြေလှမ်းဖြစ်လာ မည်ဟု ဂျွန်မက်ကိန်းက ဆိုသည်။
ယနေ့နက်နက်က ရန်ကုန်မြို့ အမေရိကန်စင်တာတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - ဧရာဝတီ)

“နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပ ဆောင်ရွက်နေကြတဲ့ လူ့အခွင့်အရေးအဖွဲ့တွေကို လေးစားဖို့လိုတယ်။ တိုးတက်မှုဆိုတာက စာလုံးတွေနဲ့ တည်ဆောက်ဖို့မဟုတ်ဘူး၊ လက်တွေ့လုပ်ပြဖို့ လိုအပ်ပါတယ်။ ရာဇ၀တ်မှုကြောင့် မဟုတ်ဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေတဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေ ၂၀၀၀ ကျော်ကိုလည်း ချက်ချင်း ပြန်လွှတ်ပေးဖို့ လိုတယ်” ဟု သူက ပြောသည်။

အကျဉ်းထောင်များသို့ ICRC ၀င်ခွင့်ရပါက အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိလာမည်ဖြစ်ပြီး အကျဉ်းသားများ၏ ထောင်တွင်း အခြေအနေများကို တင်ပြဆွေးနွေးခွင့် ရနိုင်မည်ဟု ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ (AAPP) မှ ကိုတိတ်နိုင်က ဧရာဝတီကို ပြောသည်။

ICRC အဖွဲ့သည် ၁၉၉၉ ခုနှစ်တွင် အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများသို့ ၀င်ရောက်၍ လုံခြုံရေးအရ ထိမ်းသိမ်း ထားသူများ (နိုင်ငံရေး အကျဉ်းသားများ) အပါအ၀င် အကျဉ်းသားများကို တွေ့ဆုံလေ့လာခွင့်များ ရရှိခဲ့သည်။ သို့သော်လည်း ၂၀၀၆ ခုနှစ် နှောင်းပိုင်းမှစတင်ကာ အကျဉ်းထောင်များသို့ ၀င်ရောက်လေ့လာခွင့်ကို စစ်အစိုးရက ကန့်သတ် ပိတ်ပင်ခဲ့သည်။

ICRC အဖွဲ့သည် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလက သာယာဝတီထောင်သို့ သွားရောက်ခဲ့စဉ် အာဏာပိုင်များက ၎င်းတို့ ပါဝင်မှ ထောင်တွင်းသို့ ၀င်ရမည်ဟု ပြောဆိုခဲ့သဖြင့် နောက်ပိုင်း သွားရောက်ခြင်းမရှိတော့ပေ။ ထောင်တွင်းဝင်ရောက်ခွင့် ရစဉ်က အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ၅၀ ရာခိုင်နှုန်းကို ICRC အဖွဲ့က တာဝန်ယူခဲ့သည်ဟု ကိုတိတ်နိုင်က ပြောသည်။

“သာယာဝတီထောင်ကို သွားတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးက သူတို့နဲ့အတူ ထောင်ထဲဝင်ရမယ်၊ သွားလာရမယ် ဆိုတော့ ICRC ကလက်မခံတဲ့ အတွက် နောက်ပိုင်းမှာ ထောင်တွင်းဝင်တာ ရပ်တန့်ခဲ့ရတယ်” ဟု ကိုတိတ်နိုင်က ရှင်းပြသည်။

မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီး၌ နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၀၀၀ ကျော်ရှိကြောင်း AAPP စာရင်းများတွင် ဖော်ပြထားပြီး ယနေ့ထုတ်အစိုးရ သတင်းစာများ၌မူ မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသားများ မရှိဟု ရေးသားထားသည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုမရှိလျှင် အာရပ်ဒေသတွင်း နိုင်ငံများကဲ့သို့ တော်လှန်ပုန်ကန်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မစ္စတာ ဂျွန်မက်ကိန်းက သတင်းစာရှင်းလင်းပွဲ၌ သတိပေး ပြောဆိုသွားသည်။

ထို့အပြင် သိသာသော အပြောင်းအလဲ တစုံတရာ မတွေ့ရပါက အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ အရေး ယူမှုကို ဆက်လက် ထားရှိမည်ဟုလည်း ၎င်းက ဆိုသည်။

ဂျွန်မက်ကိန်းသည် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ၃ ရက်ကြာလာရောက်ခဲ့ပြီး မြန်မာအစိုးရအပြင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် မနေ့က တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီ အရေးကို ဆက်လက် ထောက်ခံသွားမည်ဟု ပြောဆိုခဲ့သည်။

Posted by Unknown on 3:17 PM. Filed under , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response