ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်
ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်
ယခုငလျင်၏ ဗဟိုချက်မှာ ဆန်ဒိုင်းမြို့ကမ်းရိုးတန်းနှင့် ၂၅ မိုင်အကွာတွင်ဖြစ်ပြီး ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့နှင့် ၂၀၅ မိုင်ကွာဝေးသည်ဟုဆို
ဧပြီလ ၇ ရက်ညပိုင်းက ဂျပန်နိုင်ငံ ဟွန်ရှုးကျွန်း၏ အရှေ့ဘက်ကမ်းရိုးတန်းအနီး ဗဟိုပြု၍ ပြင်းအား ၇.၄ ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။ ယခုငလျင်၏ ဗဟိုချက်မှာ ဆန်ဒိုင်းမြို့ကမ်းရိုးတန်းနှင့် ၂၅ မိုင်အကွာတွင်ဖြစ်ပြီး ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့နှင့် ၂၀၅ မိုင်ကွာဝေးသည်ဟု ဆိုသည်။ ဆန်ဒိုင်းမြို့မှာ မတ်လ ၁၁ ရက် ငလျင်နှင့် ဆူနာမီဒဏ်ကို အကြီးအကျယ် ခံခဲ့ရသည့် မြို့တစ်မြို့လည်း ဖြစ်သည်။
Japan Earthquake April 07
ငလျင်လှုပ်ခတ်ပြီးနောက် ဖူကူးရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံမှ ဝန်ထမ်းများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ဖူကူရှီးမားစက်ရုံရှိ နျူကလီးယားဓာတ်ပေါင်းဖိုများမှာ မတ်လ ၁၁ ရက် ငလျင်နှင့်ဆူနမီ ဖြစ်ပွားပြီးနောက် ပေါက်ကွဲပျက်စီးမှုများ ဖြစ်ပေါ်ကာ ပြန်လည်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းနေရဆဲ ဖြစ်သည်။ နောက်ပိုင်းရရှိသော သတင်းများအရ ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ပြီး မိနစ် ၉၀ အကြာတွင် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်းနှင့် ဖူကူရှီးမားစက်ရုံတွင်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။ မတ်လ ၁၁ ရက်နေ့က ဆန်ဒိုင်းမြို့အနီး၌ပင် ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ပြင်းအား ရစ်ခ်ျတာစကေး ၉.၀ ရှိ ငလျင်ကြီးနှင့် ဆူနာမီရေလှိုင်းများကြောင့် ယနေ့အထိ လူပေါင်း ၁၂,၆၉၀ဦးသေဆုံးပြီး ၁၄,၇၃၆ ပျောက်ဆုံးနေသည်။
