|

တရုတ် ဓာတ်ငွေ့ပိုက်လိုင်း သယ်ယူရေး IGE ကုမ္ပဏီ ကန်ထရိုက်ရ

တရုတ် ဓာတ်ငွေ့ပိုက်လိုင်း သယ်ယူရေး IGE ကုမ္ပဏီ ကန်ထရိုက်ရ



တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းနေသည်ကို ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်း က တွေ့မြင် ရစဉ် (ဓာတ်ပုံ - Xinhua)

ရခိုင်ကမ်းလွန်မှ တရုတ်ပြည်သို့ သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအတွက် လိုအပ်သည့်ပိုက်များ သယ်ယူရေး လုပ်ငန်းကို အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီလီမိတက်မှ လုပ်ပိုင်ခွင့် ရရှိသွားသည်။

oil-and-gas-pipelineအဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းများ သယ်ယူရေးလုပ်ငန်းကို လုပ်ကိုင်နိုင်ရန် စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများ ဖြစ်သော အေး ရှား ဝေါလ် ကုမ္ပဏီ၊ မက်စ်မြန်မာ ကုမ္ပဏီတို့လည်း အပြိုင်အဆိုင် ကြိုးစားခဲ့ကြောင်း၊ သို့သော် IGE ကုမ္ပဏီမှ လုပ်ပိုင်ခွင့် ရရှိ သွားခြင်း ဖြစ်ကြောင်း စစ်အစိုးရ အသိုင်းအ၀န်းနှင့် နီးစပ်သည့် အမည်မဖော်လိုသူ စီးပွားရေးသမားတဦးက ဧရာဝတီသို့ ပြော သည်။

“တင်ဒါကတော့ အိတ်ပိတ် တင်ဒါစနစ်ပဲ။ ဒါပေမယ့် အထူးစီမံကိန်းဆိုတော့ အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး ကပဲ အဓိကဆုံးဖြတ်တယ်”ဟု ၎င်းက ဆိုသည်။

ပိုက်လိုင်းများကို တရုတ်နိုင်ငံမှ တင်သွင်းမည်ဖြစ်ပြီး ယူနန်ပြည်နယ်မှ နယ်စပ်ဖြတ်ကျော်၍ လည်းကောင်း၊ ရန်ကုန်ဆိပ်ကမ်းမှ တဆင့်လည်းကောင်း သယ်ယူပြီး စီမံကိန်းနေရာများသို့ ပို့ဆောင်မည် ဖြစ်သည်ဟု အဆိုပါ စီးပွားရေးသမားက ပြောသည်။

IGE ကုမ္ပဏီသည် ၂၀၀၈ ခုနှစ်က သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းအတွက် တရုတ်နိုင်ငံပိုင် Sinohydro ကော်ပိုရေးရှင်းနှင့် အမေရိကန်ဒေါ်လာ သန်း ၃၀ တန် စာချုပ်ချုပ် ခဲ့သေးသည်။

ထို့အပြင် MRC ကုမ္ပဏီအမည်ဖြင့် နေပြည်တော်တွင် ဆောက်လုပ်မည့် Safari ဥယျာဉ်ကိုလည်း တည်ဆောက်ခွင့် ရရှိထား သည်။

ဦးနေအောင်၏ ဖခင် ၀န်ကြီး ဦေးအာင်သောင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူရင်းတဦးဖြစ်သည်ဟု လူအများပြောဆိုနေပြီး အစ်ကိုဖြစ်သူ ဗိုလ်မှူး ပြည်အောင်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီး ဒေါ်နန္ဒာအေး၏ ခင်ပွန်းဖြစ်သည်။

ဦးအောင်သောင်းကို ဖြစ်ပေါ်လာမည့် အစိုးရ အဖွဲ့အသစ်တွင် ဒု သမ္မတ သို့မဟုတ် လွှတ်တော် ဥက္ကဌ ဖြစ်လာမည်ဟု ခန့်မှန်း ပြောဆိုမှုများလည်း ရှိနေသည်။

ယခုအခါ ဦးနေအောင်သည် အောင်ရည်ဖြိုး၊ IGE, MRC, Amara Group စသည့် အမည်များဖြင့် ရွှေတူးဖော်ခြင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ၊ သစ်ထုတ်လုပ်ခြင်းအပြင် ယူနိုက်တက် အမရ အမည်ဖြင့် ဘဏ်လုပ်ငန်း လုပ်ကိုင်သည့်အပြင် အမှတ်(၂) လျှပ် စစ်ဝန်ကြီးဌာနသို့ မဟာဓာတ်အား လိုင်းများတွင် အသုံးပြုသည့် အကြီးစား လျှပ်စစ် ကြိုးခွေများကို တင်သွင်း နေကြောင်း သိရသည်။

“ကိုနေအောင်က ၀န်ကြီးဌာနတိုင်းနဲ့အဆင်ပြေအောင် ဆက်ဆံနိုင်တယ်။ အောက်ခြေ၀န်ထမ်းအထိ ပေါင်းသင်းထားတော့ ၀န်ကြီးဌာနက လိုတဲ့ပစ္စည်းကို ၀န်ကြီးထက်တောင် သိသေးတယ်”ဟု အထက်ပါ စစ်အစိုးရ အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်က ပြောပြသည်။

အောင်ရည်ဖြိုး ကုမ္ပဏီသည် အစိုးရ၀န်ကြီးဌာနများသို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများ တင်သွင်းရန် ၁၉၉၈ ခုနှစ် တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ အနီး၌ စတင်ဖွင့်လှစ်ခဲ့သည်။

ယခုအခါ နိုင်ငံအတွင်း အရေးပါသည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းကြီးများကို အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးက အဓိကချုပ်ကိုင်ထားပြီး ၎င်းနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်များ ချထားပေးလျက်ရှိကြောင်း သိရသည်။

အတွင်းရေးမှူး(၁) သည် ၎င်းနှင့် နီးစပ်သော ဘိန်းဘုရင် လော်စစ်ဟန်၏သား စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီကို ကချင်ပြည်နယ်တွင် တည်ဆောက်မည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် နိုင်ငံအတွင်းရှိ တခြား သော ရေအားလျှပ်စစ် စီမံကိန်းများနှင့် ရန်ကုန်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများ၊ နိုင်ငံတ၀န်းရှိ လေဆိပ်တိုးချဲ့ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ၊ လမ်းတံတား လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း နီးစပ်သူ တဦး က ပြောဆိုသည်။

၎င်းနှင့်ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၏ မက်စ်မြန်မာ ကုမ္ပဏီကိုမူ ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး၊ ဘောလုံးကွင်းများ တည်ဆောက်ရေး၊ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ယခင် သတ္တုတွင်း ၀န်ကြီးဌာန ရုံးချုပ်အား ကလေးဆေးရုံအဖြစ် ပြောင်းလဲ တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးခဲ့သည်ဟုလည်း ဆို သည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက် ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူ ဦးတေဇပိုင် ထူး ကုမ္ပဏီအား လုပ်ကိုင်ခွင့် ပေးခဲ့သော်လည်း လုပ်ငန်းတချို့ကို ၎င်း၏ သားဖြစ်သူ ဗိုလ်ကြီးဟောင်း တေဇာစောဦးနှင့် အေးရှား ဝေါလ် ကုမ္ပဏီကို ခွဲဝေပေးရန် ထူးကုမ္ပဏီအား ခေါ်ယူပြောကြားခဲ့သည်ဟု ထူးကုမ္ပဏီနှင့် နီးစပ်သူတဦးကလည်း ပြောသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦး အနေဖြင့် ထိုသို့ အကြီးစားစီမံကိန်းကြီးများကို ၎င်းနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးမျာကိုသာ ဦးစားပေးလုပ်ကိုင်ခွင့် ပေးနေခြင်းသည် ရွေးကောက်ပွဲအပြီး မကြာမီပေါ် ပေါက်မည့် အစိုးရ အဖွဲ့အတွင်း ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍ မရေရာ မသေချာမှုများ ရှိနေသည့် အတွက် ဖြစ်သည်ဟု နိုင်ငံရေး သုံးသပ်သူများက ဝေဖန်ပြော ဆိုသည်။

(ဧရာဝတီသတင်းဌာနမှ ကူးယူဖေါ်ပြထားခြင်း)

Posted by Unknown on 1:23 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added

Popular Posts