|

၂၀၁၃ ဆီးဂိမ်း စီမံကိန်းများ ပြီးစီးလုနီး

၂၀၁၃ ဆီးဂိမ်း စီမံကိန်းများ ပြီးစီးလုနီး


အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) အတွက် နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်း တည် ဆောက်မှု ၆၆ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သောကြောင့်၂၀၁၂ အတွင်း စီမံကိန်းအပြီးသတ်နိုင်မည်ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ပြောသည်။
image_of_football
၂၀၁၃ ဆီးဂိမ်း အတွက် ပွဲကြည့် ပရိသတ် ၃၀၀၀၀ ဆံ့ဘောလုံး ကွင်း နှင့် ပွဲကြည့်စင် ပုံစံငယ် တခု(ဓာတ်ပုံ - ကြေးမုံ)
၂၀၁၃ ခုနှစ် ဆီးဂိမ်း ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံ ကျင်းပ မည်ဖြစ်သောကြောင့် နေပြည် တော်ရှိ နိုင်ငံ တကာအဆင့်မီ ဘောလုံး ကွင်းသစ်ကြီး ၂ ခု နှင့် မန္တလေးမြို့ရှိ ဘောလုံးကွင်းသစ် တည်ဆောက်မှုကို ဦးဇော်ဇော်ပိုင် မက်စ် မြန်မာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေကြောင်း သိရသည်။

 
 
တည်ဆောက်ရေးလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းကြီးများကို အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး ဟောင်း သီဟသူရ တင် အောင်မြင့်ဦးက အဓိက ချုပ်ကိုင်ထားပြီး ၎င်းနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်များ ချထားပေးရာ ပုဂ္ဂိုလ် ရေးအရ ရင်းနှီးသူ တဦးဖြစ်သည့် ဦးဇော်ဇော်၏ မက်စ်မြန်မာ ကုမ္ပဏီ က တည်ဆောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု စီးပွားရေး အသိုင်း အ၀ိုင်းက ပြောသည်။

ပွဲကြည့် ပရိသတ် ၃၀၀၀၀ ဆံ့ အဆင့်မြင့် ဘောလုံးကွင်းနှင့် ပွဲကြည့်စင်ပုံစံငယ် ဒီဇိုင်းကို ဇန်န၀ါရီလ ၂၇ ရက်နေ့ ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

“လူ ၃၀၀၀၀ ဆံ့ တဲ့ ဘောလုံးကွင်းသစ်ကြီး ၂ ခု တည်ဆောက်နေတယ်။ ဒီ ပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဆိုတော့ ဆုရမှ ဖြစ်မှာလေ။ ဒီအတွက် U 19 ဖွဲ့ထားပြီး ရွေးချယ်လေ့ကျင့်တာတွေ၊ နိုင်ငံခြား နည်းပြထပ် ခန့်တာတွေ လုပ်ပြီး သွားပြီ”ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးကျော်က ပြောသည်။

အားကစား အဆောက်အအုံများ ဆောက်လုပ်ရန် ၃၈၄ ဧက ကျယ်ဝန်းသည့် မြေနေရာ သတ်မှတ် ပေးထားပြီး ဘောလုံးကွင်း ၂ ခု၏ အမိုးနှင့် မီးပြင်ဆင်မှုကို တရုတ် အင်ဂျင်နီယာများနှင့် ကျွမ်းကျင် လုပ်သား ၁၅၀ ခန့် လာရောက်လုပ်ကိုင်ပြီး ကျန်တည်ဆောက်မှုများကို မက်စ်မြန်မာဆောက်လုပ်ရေးမှ မြန်မာအင်ဂျင်နီ ယာများက လုပ်ဆောင်နေသည်ဟု သိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် တွင် ဦးဇော်ဇော်သည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေသည်။

“ဒီ စီမံကိန်းက တခြားသူတွေလည်း ရဖို့ လိုက်ကြတယ်။ နောက်ဆုံး မက်စ် က အဓိက နေပြည်တော်နဲ့ မန္တလေး၂ ခုကို လုပ် ခွင့် ရသွားတာ။ အာဏာပိုင်တွေနဲ့ ရင်းနှီးတာရယ် ဘောလုံးအဖွဲ့ချုပ်မှာ သူကပဲ ထိပ်ဆုံးနေရာ ယူထားတော့ သူ့ကုမ္ပဏီကိုပဲ လုပ်ခွင့် ပေးလိုက်တာပေါ့”ဟု မက်စ် မြန်မာ ကုမ္ပဏီနှင့် နီးစပ်သူတဦးက ဆိုသည်။

ACE ဆောက်လုပ်ရေး ကုမ္ပဏီမှ ရန်ကုန်မြို့သုဝဏ္ဏကွင်းကို နိုင်ငံတကာ အဆင့်မီ ပရိသတ် ၃၅၀၀၀ ဆံ့ ဘောလုံးကွင်း အဖြစ် ပြီးခဲ့သည့် တပတ်မှ စတင်၍ တာဝန်ယူ ပြင်ဆင်နေသည်။

ACE ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်းသည် နေပြည်တော် လွှတ်တော် အဆောက်အအုံ အပါအ၀င် တည်ဆောက် ရေးလုပ်ငန်း အများအပြားကို ကန်ထရိုက် ရရှိခဲ့သော ကုမ္ပဏီ ဖြစ်သည်။ ထို့အပြင် ၎င်းသည်  နေပြည်တော် ယူနိုက်တက် ဘောလုံး အသင်းကိုလည်း တည်ထောင်ထားသူ ဖြစ်သည်။

“ဆီးဂိမ်းပြိုင်ပွဲ ဆိုတာက အားကစား အမျိုးပေါင်း ၃၀ ကျော်လောက် ပါတော့ ရန်ကုန် ၊ မန္တလေးမှာ ရှိတဲ့ ကွင်းတွေကိုပါ အဆင့်မီအောင် ပြန်လည်ပြင်ဆင်နေတာတွေရှိသလို၊ မန္တလေးမှာဆိုရင်လည်း အားကစား ရွာ ပုံစံမျိုး အသစ်ဆောက်ဖို့ လုပ်နေ တယ်။ နေပြည်တော်မှာတော့ ဘောလုံးအားကစားပြိုင်ပွဲအတွက် အဓိက ထားပြီး၊ ရန်ကုန် ၊ မန္တလေးကွင်းတွေမှာတော့ ကြက် တောင်၊ ပြေးခုန်ပစ်၊ ဘောလီဘော အဲဒီလိုမျိုး ဖြန့်ကြက်ပြီး ခွဲလုပ်သွားမှာ”ဟု ဦးစိုးမိုးကျော်က ဧရာဝတီ ကိုပြောသည်။

အဆင့်မြင့် ဘောလုံးကွင်းတွင် ပွဲကြည့်စင် ၃ ဆင့်ပါဝင်ပြီး မြေညီထပ်တွင် ရုံးခန်း၊ဆေးကုသခန်း၊ ၀တ်စုံလဲခန်း၊ ဧည့်ခန်း၊ စားသောက်ဆိုင်၊ ရေချိုးခန်း၊ အားကစားလေ့ကျင့်ခန်း အပါအ၀င် အခန်းပေါင်း ၅၆ ခန်း၊ ပထမ ထပ်တွင် ရေချိုးခန်း၊ စားသောက်ခန်း အပါအ၀င်၂၈ ခန်း၊ ဒုတိယ ထပ်တွင် စီစီတီဗီ ခန်း၊ ထိန်းချုပ်ခန်း၊ တီဗီခန်း၊ ရေဒီယိုခန်း၊ အလင်းရောင်နှင့် အသံ ထိန်းချုပ်ခန်း အပါအ၀င် အခန်း ၁၂ ခန်း စုစု ပေါင်း ၉၆ ခန်း ပါဝင်သည်ဟု ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင်၂၀၁၃ တွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲဝင်များအတွက် ရည်ရွယ်ကာ ဥတ္တရ သီရိမြို့ရှိ ဟိုတယ် များ အပါအ၀င် ယခင် တည်ဆောက်ပြီးစီးခဲ့သည့် ဇမ္ဗူသီရိမြို့ရှိ ဟိုတယ်များ၊ ထပ်မံတည်ဆောက် နေသည့် ဟိုတယ်များ အပါအ၀င် ဟိုတယ် ၃၀ ကျော်ကို ထပ်မံတည်ဆောက်နေပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုလည်း ပြိုင်ပွဲ မတိုင်မီ ဖွင့်လှစ်နိုင်ရန် တည် ဆာက်နေကြောင်း သိရသည်။

“အကောင်းဘက်က ကြည့်ရင် အာဆီယံ ဆီးဂိမ်းကို ကိုယ့်နိုင်ငံမှာ လက်ခံပြီး ကျင်းပလာနိုင်တဲ့ အတွက် ကောင်းတဲ့ အလား အလာတခုလို့ ဝေဖန်ရမှာပေါ့။ တဖက်က တွေးရင်တော့ ကိုယ့်နိုင်ငံရဲ့စီးပွားရေး၊ လူမှုရေးအခြေအတွေနဲ့ ယှဉ်ကြည့်ရင် နိုင်ငံ ထဲက တကယ်လို အပ်နေတဲ့ နေရာတွေမှာ ဒီအတွက် ကုန်ကျမယ့် ငွေတွေကိုသုံးပြီး လုပ်သင့်တယ်လို့ မြင်တယ်။ အခုက အပေါ်ယံ ရွှေမှုန်ကျဲထားတဲ့ နေပြည်တော်ကို ခေါ်ပြီး ဗလာပဲကျန်တော့တဲ့ မြန်မာပြည်ရဲ့တိုးတက်နေပါတယ်ဆိုတာကို ပြချင် နေတာက မှားနေတယ်လို့ မြင်တယ်”ဟု ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ တဦးက ပြောဆိုသည်။

Posted by Unknown on 4:14 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added