|

ထိုင်းအသင်းကို နိုင်ပြီး အာရှကို ခြေတလှမ်းတိုးလိုက်တဲ့ မြန်မာ အမျိုးသမီး ဘောလုံးအသင်း

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ကျင်းပနေတဲ့ အာရှ အသက် ၁၉ နှစ်အောက် အမျိုးသမီး ဒုတိယ အကျော့ အုပ်စုခြေစစ် ပွဲစဉ်တွေမှာ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ Play-off ဖိုင်နယ် ပွဲစဉ် ယှဉ်ပြိုင် ကစားကြရာမှာ မြန်မာအသင်းက ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ လင်းဥမ္မာထွန်းနဲ့ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ၂၀၁၃ မှာ ကစားမယ့် အာရှအမျိုးသမီး ဖိုင်နယ်ပွဲစဉ်မှာ ဆင်နွှဲဖို့ ခြေစစ်ပွဲ အောင်သွားခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာအသင်းမှာ လူစာရင်းဟာ အုပ်စုပွဲတွေက လူစာရင်းအတိုင်း အပြောင်းအလဲသိပ်မရှိဘဲ ပွဲထွက်လာပြီး စုနန္ဒာလွင်က ဒဏ်ရာကနေ ပြန်သက်သာလာကာ ပါဝင်လာပြီး ကွင်းလယ်မှာ အချိတ်အဆက်မိမိ ကစားသွားတာကို တွေ့ ရပါတယ်။

ဂိုး – မေဇင်နွယ်

နောက်တန်း – အေးအေးမိုး၊ ခင်ဇာဇာဝင်း၊ လင်းဥမ္မာထွန်း၊ ခင်သန်းဝေ (အသင်းခေါင်းဆောင်)

အလယ်တန်း – ၀င်းသိင်္ဂီထွန်း၊ မေစံပယ်ဖူး၊ ငုဝါသဲ ၊ စုနန္ဒာလွင်

ရှေ့တန်း – နီလာဝင်း၊ မေသူကျော်တို့ ဖြစ်ကြပါတယ်။

ပထမပိုင်းမှာ နှစ်ဖက်အသင်းစလုံး တဖက်နဲ့တဖက် ရှိန်နေကြပြီး တဖက်အသင်းရဲ့ အမှားကိုစောင့်ကာ တန်ပြန်တိုက်စစ်တွေနဲ့သာ ဂိုးသွင်းဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် မြန်မာအသင်းမှ ဘယ်တောင်ပံ တိုက်စစ်ဟာ ထိုင်းအသင်းကို တချက်တချက် ခြိမ်းခြောက်နိုင်ခဲ့ပြီး ထိုင်းအသင်းက ကွင်းလယ်မှာ ဘောလုံးကိုင်ကစားရာမှာ မြန်မာအသင်းထက် သာလွန်ခဲ့တာကို တွေ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်ဖက်စလုံး အနိုင်ဂိုးရရှိရေး စတင် တိုက်စစ်ဖွင့် ကစားရာမှာ ပွဲဟာ ပိုကြည့်ကောင်း လာပါတယ်။ မြန်မာအသင်းရဲ့ ဂိုးကိုတော့ ၆၇ မိနစ် လောက်မှာ ဘယ်တောင်ပံ တိုက်စစ် ကနေ ပေါက် ထွက်လာရာ ရှေ့တန်းလူ မေသူကျော်က ထောင်ဖြတ်တင်ပေးလိုက်တာကို လင်းဥမ္မာထွန်းက အချိန် မီလျှောထိုးပြီး မြန်မာအသင်းအတွက် အဖိုးတန် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မြန်မာအသင်း အနိုင်ဂိုးရ အပြီးမှာ ထိုင်းအသင်းက ချေပဂိုးရရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းရာမှာ မြန်မာအသင်းဟာ လက်ကျန် အချိန်တွေမှာ ခံစစ်နဲ့သာ အချိန်ကုန်ခဲ့ရပြီး ပွဲကြည့်ပရိသတ်တွေအတွက် နှလုံးခုန်နှုန်း မြန်စေခဲ့တဲ့ ပွဲတပွဲဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာအမျိုးသမီးလေးတွေရဲ့ အရှုံးမပေး စိတ်ဓာတ်ကြောင့် ထိုင်းအသင်းဟာ ပွဲပြီးချိန်အထိ စိုးမိုးနိုင်ခဲ့ပေမယ့် ချေပဂိုးမရရှိခဲ့ဘဲ မြန်မာအမျိုးသမီးလေးတွေ အတွက်တော့ ကြိုးစားမှုစိတ်ဓာတ်ရဲ့ ရလဒ် အဖြစ် နိုင်ငံ့ဂုဏ်ဆောင်တဲ့ အမျိုးသမီးလေးတွေအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အာဆီယံဒေသတွင်းမှ တသင်းတည်းသော အသင်းအဖြစ် ခြေစစ်ပွဲ အောင်သွား တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၁ တုန်းက ခြေစစ်ပွဲအောင်ထားတဲ့ အိမ်ရှင်ဗီယက်နမ်ကို အုပ်စုပွဲစဉ်မှာ ၂-၁ နဲ့ ခက်ခက်ခဲခဲကစားပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနစ်တုန်းက ကျင်းပခဲ့တဲ့ အာရှ အသက် ၁၉ နှစ်အောက် ပြိုင်ပွဲမှာ ဂျပန် အသင်းက ဗိုလ်စွဲထားတာဖြစ်ပြီး ပြိုင်ပွဲပုံစံဟာ ခြေစစ်ပွဲအောင်တဲ့ အသင်းကြီး ၆ သင်း တအုပ်စုထဲမှာ ပတ်လည်ကန်ပြီး အမှတ်အများဆုံးအသင်းကို ဗိုလ်ဆွဲစေတဲ့စနစ်ကို ၂၀၁၁ မှာ စတင်ကျင့်သုံးစေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ တုန်းက နောက်ဆုံးအုပ်စုပတ်လည် ဖိုင်နယ် ပွဲစဉ်တွေမှာ ဂျပန်၊ မြောက်ကိုရီးယား၊ တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်း အတွက်တော့ အခုလို ခြေစစ်ပွဲအောင်ခဲ့တာဟာ ၂၀၀၇ ခုနစ်နောက်ပိုင်း ပထမ ဆုံးအကြိမ်အဖြစ် ပြန်လည် ခြေစစ်ပွဲ အောင်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်ခြေစစ်ပွဲ အောင်မြင်နေတဲ့ ထိုင်းအသင်းနဲ့ ဗီယက်နမ်အသင်းတို့ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၃ မှာ ပြုလုပ်ကျင်းပမယ့် ပြိုင်ပွဲအတွက် အိမ်ရှင် နိုင်ငံကို မကြာမီ အာရှဘောလုံး အဖွဲ့ချုပ် က ကြေငြာသွား မှာ ဖြစ်ပြီး ခြေစစ်ပွဲအောင်တဲ့ အသင်းများထဲမှ တသင်းသင်းကို ဦးစားပေးအိမ်ရှင် ပြုလုပ် ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။

Posted by Unknown on 4:03 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added