အမေရိကန်အရှေ့ဘက်ဒေသ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်

ဆူပါမုန်တိုင်း စန္ဒီ တိုက်ခိုက်ခံရသည့် နယူးယောက်မြို့၊ ကွင်းန်စ်အရပ်တွင် တနင်္လာနေ့ညက မီးလောင်ခဲ့သည့်အတွက် အိမ်ခြေ ၈၀ မှ ၁၀၀ ကြား ပျက်စီး ဆုံးရှုံးခဲ့ရသည်။ အောက်တိုဘာ ၃၀၊ ၂၀၁၂
  
အမေရိကန်ပြည်ထောင်စု အရှေ့ဘက် ကမ်းရိုး တန်းမှာ စန္ဒီဟာရီကိန်းမုန်တိုင်းဒဏ် အကြီးအကျယ် ခံလိုက်ရတဲ့ နယူးယောက်ပြည်နယ်ဟာ သဘာဝ   ဘေးအန္တရာယ် ဆိုးကြီးကို ရင်ဆိုင်နေရတယ် လို့ အမေရိကန် သမ္မတအိုဘားမားက ကြေငြာလိုက်ပါတယ်။

စန္ဒီဟာရီကိန်းမုန်တိုင်း နယူးယောက်မြို့ကို ၀င်ရောက်တိုက်ခတ်ခဲ့ပြီး နာရီပိုင်းအကြာမှာ အခုလိုကြေငြာ လိုက်တာဖြစ်ပါတယ်။ မုန်တိုင်းကြောင့် နယူးယောက်မြို့ အနိမ့်ပိုင်းမှာရှိတဲ့ လမ်းတွေအပါအ၀င် နေရာ အတော်များများမှာ ရေမြုပ်ခဲ့ပြီး မီးတွေလည်းပျက်ခဲ့ပါတယ်။

အဲဒီလိုကြေငြာလိုက်တဲ့အတွက် ဗဟိုအစိုးရက သဘာဝဘေးအန္တရာယ်တွေအတွက် ပြင်ဆင်ထားတဲ့ ရန်ပုံငွေတွေကို မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ပေးသွားမှာဖြစ်ပါတယ်။

စန္ဒီ ဟာရီကိန်းမုန်တိုင်းဟာ နယူးယောက်မြို့တောင်ဘက်ကို တနင်္လာနေ့ည နှောင်းပိုင်းက လေတိုက်နှုန်း တနာရီ ၁၂၅ မိုင်နှုန်းနဲ့ ၀င်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး မုန်တိုင်းကြောင့် အမေရိကန်ပြည်ထောင်စုမှာ လူဦးရေအထူထပ်ဆုံးဒေသတွေထဲက တခုဖြစ်တဲ့ အရှေ့မြောက်ဘက်အခြမ်းမှာ လေပြင်းတိုတ်ခတ်ပြီး  မိုးသည်းထန်စွာ ရွာသွန်းခဲ့သလို ပင်လယ်ထဲမှာလည်း အန္တရာယ်ဖြစ်စေတဲ့ လှိုင်းလုံးကြီးတွေဖြစ်ခဲ့ပြီး လူ ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

သေဆုံးသူအများစုကတော့ ယာဉ်တိုက်မှုတွေ၊ သစ်ပင်က အိမ်ပေါ်လဲကျတာတွေ ကနေ သေဆုံးခဲ့ကြ တာဖြစ်ပါတယ်။

အခုအခါမှာတော့ မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ၀င်ရောက်ပြီး အားပျော့သွားပြီလို့ သိရ ပါတယ်။ ဒါပေမဲ့ တနာရီကို လေတိုက်နှုန်း မိုင် ၆၀ လောက်ရှိနေတုန်းပဲလို့ ပြောပါ တယ်။

ဒီမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့မှာ ကနေဒါနိုင်ငံကို ၀င်ရောက်တိုက်ခတ်မယ်လို့ အမျိုးသား မိုးလေ၀သဌာန က ပြောပါတယ်။

2:52 AM | Posted in | Read More »

မြစ်ချောင်းအနီး နယ်မြို့အချို့တွင် ရေကြီးမှုများဖြစ်ပေါ်

မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြစ်ရေများမြင့်တက်ကာ မြစ်ချောင်းအနီး နယ်မြို့အချို့ တွင် ရေကြီးမှု များဖြစ်ပေါ်

၂၀၁၂ ခုနှစ် မိုးလယ်ကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် သံလွင်၊ စစ်တောင်း အပါ အ၀င် မြစ်ငယ် များ၊ ချောင်းများတွင် မြစ်ရေမြင့် တက်ကာ မြစ်ချောင်းကမ်းတစ်လျောက်ရှိ နယ်မြို့ အချို့တွင် ရေကြီးမှုများဖြစ်ပေါ်လာကြောင်း သတင်း ရရှိပါသည်။

မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝဘေးအန္တရာယ်ကို သတိပြုရသည့် ကာလသုံးခုရှိပြီး ပထမကာလသည် မိုးဦးကာလ ဇွန်လ၊ ဒုတိယ ကာလသည် မိုးလယ် ကာလ ဇူလိုင်လနှင့် သြဂုတ်လများ၊ တတိယကာလသည် မိုးနှောင်းကာလ စက်တင် ဘာလနှင့် မိုးလွန်ကာ လဖြစ်သော အောက်တိုဘာလတို့ဖြစ်ကာ လက်ရှိအချိန်သည် မြစ်ရေကြီးမှု ဒုတိယကာလ သို့ ရောက် ရှိနေပြီဖြစ်သည်။

မိုးလယ်ကာလအတွင်း ဇူလိုင်လ နောက်ဆုံးပတ်အတွင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှု များကြောင့် မြစ်ရေကြီးခြင်း သတိပေးချက်များကို စစ်တောင်းမြစ်တွင် မဒေါက်မြို့နှင့် တောင်ငူမြို့၊ သံလွင်မြစ်တွင် ဘားအံမြို့၊ ပဲခူးမြစ်တွင် ပဲခူးမြို့၊ င၀န်မြစ်တွင် ငါးသိုင်းချောင်းမြို့၊ ဧရာဝတီမြစ်တွင် ဟင်္သာတမြို့၊ ရွှေကျင်မြစ်တွင် ရွှေကျင်မြို့ စသည်တို့၌ ထုတ်ပြန်ခဲ့ရသည်။

ယင်းအနက် မဒေါက်မြို့၊ ငါးသိုင်းချောင်းမြို့၊ ဘားအံမြို့၊ ရွှေကျင်မြို့တို့တွင် အဆိုပါမြို့အသီးသီး၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

''ပထမ ရေကြီးကာလတုန်းက မြစ်ကြီးနားမှာ မြစ်ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်ခဲ့ရ တယ်။ နောက် ဗန်းမော်၊ ကသာရောက်တယ်။ အခုလည်း second flood wave ကို တာစူနေပြီ''ဟု မြစ်ရေကြီးမှုများနှင့် ပတ်သက်၍ Myanmar Climate Change Watch မှ ဒေါက်တာထွန်းလွင်က ပြောကြားသည်။

စစ်တောင်းမြစ်ရေသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် မဒေါက်မြို့၌ ၁၀၃၄ စင်တီမီတာ သို့ ရောက်ရှိခဲ့ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၁၀၇၀ စင်တီမီတာသို့ ရောက်ရှိရန် နီးကပ်လာ ၍ မြစ်ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လ နောက်ဆုံး ပတ်အတွင်း ပစိဖိတ် သမုဒ္ဒရာ၌ ဖြစ်ပွားသော တိုင်ဖွန်းမုန်တိုင်းသည် အနောက်ဘက်သို့ ရွှေ့လျားကာ အင်ဒိုချိုင်းနားဒေသ ကို ဖြတ်သန်းရာ၌ မြန်မာနိုင်ငံ ဒေသအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိ ရှိရသည်။

ယင်းသို့ မိုးရက်ဆက် ရွာသွန်းမှုများဖြစ်ပေါ်မှုကြောင့် စစ်တောင်းမြစ်ရေသည် ဇူလိုင်လ ၂၅ ရက်နေ့တွင် မဒေါက်မြို့၌ ၁၀၈၄ စင်တီမီတာသို့ ရောက်ရှိကာ စိုးရိမ်ရေမှတ် အထက် ၁၄ စင်တီမီတာ ကျော်လွန် ခဲ့သည်ဟု သိရှိရသည်။

တောင်ငူမြို့၌ စစ်တောင်းမြစ်ရေမြင့်တက်မှုသည် ရေအတက် မြန်ဆန်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ င၀န်မြစ်ရေသည် ဇူလိုင်လ ၂၅ ရက်နေ့တွင် ငါးသိုင်းချောင်းမြို့၌ ၁၁၁၁ စင်တီမီတာ သို့ ရောက်ရှိခဲ့ကြောင်း၊ သံလွင်မြစ်တွင်လည်း ဇူလိုင်လ ၂၅ ရက်နေ့၌ ဘားအံမြို့တွင် ၇၀၀ စင်တီမီတာ သို့ ရောက်ရှိခဲ့ကြောင်း မိုးလေ၀သနှင့် ဇ လဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့ကာ ဇူလိုင်လ ၂၈ ရက်နေ့တွင်လည်း စိုးရိမ်ရေမှတ်ကို ဆက်လက်ကျော်လွန်နေခဲ့သည်။ စစ်တောင်းမြစ်ရေသည်လည်း ဇူလိုင်လ ၂၅ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့ကာ ဇူလိုင်လ ၂၉ ရက်နေ့အထိလည်း စိုးရိမ်ရေမှတ်ကို ကျော်လွန်တည်ရှိနေခဲ့သည်။

ဘားအံမြို့တွင်လည်း ဇူလိုင်လ ၃၁ ရက်နေ့၌ စိုးရိမ်ရေမှတ်အထက် သုံးပေခန့် ကျော်လွန်နေ ကာ ရွှေ ကျင်မြစ် တွင်လည်း ရွှေကျင်မြို့၌ စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့သည်။

ထို့အတူ ပဲခူးမြစ်တွင် ပဲခူးမြို့အတွက် မြစ်ရေကြီးခြင်း သတိပေးချက်ကို ဇူလိုင်လ ၂၉ ရက်၊ ဧရာဝတီမြစ် တွင် ဟင်္သာမြို့အတွက် သတိပေးချက်ကို ဇူလိုင်လ ၃၀ ရက်နေ့၊ စစ်တောင်းမြစ်တွင် တောင်ငူမြို့အတွက် သတိပေးချက်ကို ဇူလိုင်လ ၃၁ ရက်နေ့တို့တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ သည်ဟု သိရှိရသည်။

ယခုနှစ် မြစ်ချောင်းများ၌ ရေကြီးရေလျှံမှုများ ကြုံတွေ့ရာတွင် လယ်ယာမြေ များ ရေနစ်မြုပ်ခြင်း ကို ဒေသ အချို့၌ ကြုံတွေ့ခဲ့ရကြောင်း၊ လယ်ယာမြေအချို့ ပျက်စီးဆုံးရှုံး မှု ဖြစ်ပေါ်ခဲ့ကြောင်း လည်း သိရ သည်။
''လာမယ့် စက်တင်ဘာလ အောက်တိုဘာလမှာလည်း ရေကြီးမှုအန္တရာယ်ကို သတိပြုဖို့ လိုပါတယ်'' ဟု ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

မိုးဦးကာလဖြစ်သော ဇွန်လအတွင်းကလည်း ဧရာဝတီမြစ်တွင် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့တို့ ၌ မြစ်ရေ ကြီးခြင်းကို ကြုံတွေ့ခဲ့ရပြီး ယခင်က ဧရာဝတီမြစ်တွင် မိုးဦးကာလ၌ ယင်းသို့ ကြုံတွေ့ရလေ့ မရှိကြောင်း သိရသည်။
''မိုးရွာလို့ ရေကြီးလာတာလို့ ပြောနိုင်ပေမယ့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲခဲ့တဲ့ အကျိုးဆက်ကြောင့် အချိန်မတိုင်ခင် ရေကြီးတာကို ကြုံရတာလို့ မြင်ပါတယ်။ မြစ်အထက်ပိုင်းမှာ သစ်တောပြုန်း တယ်။ ရွှေ လုပ်ကွက်တွေလုပ်တယ်။ မြစ်ထဲကို မြေဆီတွေ လွယ်လွယ်ရောက်ပြီး မြစ်ကြမ်းပြင် မြင့်တက်နေတော့ မိုးနည်းနည်းရွာတာနဲ့ ရေကြီးတာဖြစ်လာတာပဲ''ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ရေကြီးမှုဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောပြသည်။

''မြစ်ကြမ်းပြင်တွေ တိမ်လာတာကြောင့် မိုးရွာလိုက်ရင်မိုးရေကို မထိန်းနိုင်တော့ဘူး။ မြစ်တွေမှာ နုန်းပို့တာ များလာတယ်။ မြစ်ကော လာတယ်။ ဒါကြောင့် မိုးကောင်းလိုက်တာနဲ့ ရေကြီးတာကို ကြုံတွေ့လာ တာပါပဲ'' ဟု ဒေါက်တာထွန်းလွင်က သုံးသပ်ပါသည်။

သတိပြုရသော မြစ်များမှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဒုဋ္ဌ၀တီမြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်၊ င၀န်မြစ်တို့ဖြစ်ကာ မိုးလယ်ကာလအတွင်း ချင်းတွင်းမြစ်နှင့် ဒုဋ္ဌ၀တီမြစ်တို့မှအပ ကျန်မြစ်များ၌ မြစ်ရေကြီးခြင်း သတိပေးချက်များကို မြို့အချို့တွင် ထုတ်ပြန်ခဲ့ရ ခြင်းဖြစ်သည်။

အဆိုပါမြစ်များအနက် ရေကြီးမှု ဖြစ်ပေါ်မှု အများဆုံးမြစ်မှာ သံလွင်မြစ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝဘေးအန္တရာယ်သည် ငလျင်၊ မုန်တိုင်းတို့ပြီးပါက ပျက်စီးဆုံးရှုံးမှု များပြားသော သဘာဝဘေးအန္တရာယ် အမျိုးအစားဖြစ်ပြီး အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုကို ၂၀၀၄ ခုနှစ်တွင် ဧရာဝတီမြစ်၌ ကြုံတွေ့ခဲ့ရသည်။

၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေး ၀နှင့် မော်လိုက်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ဧရာဝတီမြစ်ရေသည် ဗန်းမော်၊ ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ မင်းဘူး၊ မကွေး၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ဒုဋ္ဌ၀တီမြစ်ရေ သည် မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့် စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် တစ်ကြိမ်ခန့်၊ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် တစ်ကြိမ် ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်များအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာနမှ ခန့်မှန်းထားသည်။

10:54 PM | Posted in | Read More »

ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်

ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်


ယခုငလျင်၏ ဗဟိုချက်မှာ ဆန်ဒိုင်းမြို့ကမ်းရိုးတန်းနှင့် ၂၅ မိုင်အကွာတွင်ဖြစ်ပြီး ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့နှင့် ၂၀၅ မိုင်ကွာဝေးသည်ဟုဆို

ဧပြီလ ၇ ရက်ညပိုင်းက ဂျပန်နိုင်ငံ ဟွန်ရှုးကျွန်း၏ အရှေ့ဘက်ကမ်းရိုးတန်းအနီး ဗဟိုပြု၍ ပြင်းအား ၇.၄ ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။ ယခုငလျင်၏ ဗဟိုချက်မှာ ဆန်ဒိုင်းမြို့ကမ်းရိုးတန်းနှင့် ၂၅ မိုင်အကွာတွင်ဖြစ်ပြီး ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့နှင့် ၂၀၅ မိုင်ကွာဝေးသည်ဟု ဆိုသည်။ ဆန်ဒိုင်းမြို့မှာ မတ်လ ၁၁ ရက် ငလျင်နှင့် ဆူနာမီဒဏ်ကို အကြီးအကျယ် ခံခဲ့ရသည့် မြို့တစ်မြို့လည်း ဖြစ်သည်။

Japan Earthquake April 07 

ငလျင်လှုပ်ခတ်ပြီးနောက် ဖူကူးရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံမှ ဝန်ထမ်းများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ဖူကူရှီးမားစက်ရုံရှိ နျူကလီးယားဓာတ်ပေါင်းဖိုများမှာ မတ်လ ၁၁ ရက် ငလျင်နှင့်ဆူနမီ ဖြစ်ပွားပြီးနောက် ပေါက်ကွဲပျက်စီးမှုများ ဖြစ်ပေါ်ကာ ပြန်လည်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းနေရဆဲ ဖြစ်သည်။ နောက်ပိုင်းရရှိသော သတင်းများအရ ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ပြီး မိနစ် ၉၀ အကြာတွင် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်းနှင့် ဖူကူရှီးမားစက်ရုံတွင်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။ မတ်လ ၁၁ ရက်နေ့က ဆန်ဒိုင်းမြို့အနီး၌ပင် ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ပြင်းအား ရစ်ခ်ျတာစကေး ၉.၀ ရှိ ငလျင်ကြီးနှင့် ဆူနာမီရေလှိုင်းများကြောင့် ယနေ့အထိ လူပေါင်း ၁၂,၆၉၀ဦးသေဆုံးပြီး ၁၄,၇၃၆ ပျောက်ဆုံးနေသည်။

5:32 PM | Posted in | Read More »

မြန်မာနိုင်ငံအနှံ့ မိုးသက်လေပြင်းကျမည်

မြန်မာနိုင်ငံအနှံ့ မိုးသက်လေပြင်းကျမည်

မြန်မာ တနိုင်ငံလုံးတွင် လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း အပါအ၀င် မိုးသက် လေပြင်းများ တိုက်ခတ်မည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။



မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်၏ ဝက်ဘ်ဆိုက်တွင် တင်ထားသည့် လက်ရှိ မြန်မာနိုင်ငံ မိုးလေဝသ အခြေပြမြေပုံမုတ်သုံရာသီ မကျရောက်မီ ကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေ၀သ ဖြစ်စဉ်များကို အထူးဂရုပြုသွားရန်နှင့် လေပြင်း တိုက်ခတ်စဉ် မြေပြင်၊ ရေပြင် လေသည် ၁ နာရီ လျှင် ၃၅ မိုင်ခန့် တိုက်ခိုက်နိုင်သည်ဟု ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

လာနီညာ ရာသီဥတု ဖြစ်စဉ်တွင် ကျရောက်နေသောကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်မည်ဟု မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ဆိုသည်။

အဆိုပါရာသီဥတု ဖြစ်စဉ်များအပြင် မိုးဦးကာလတွင် မြန်မာနိုင်ငံသို့ နှစ်စဉ် ၀င်ရောက်နေသော မုန်တိုင်း အခြေအနေကို အလေးပေး စောင့်ကြည့်ရမည့် အနေအထားတွင် ရှိသည်ဟု သူက ဧရာဝတီကို ပြောသည်။

လာနီညာ၏ အခြေခံသဘောသဘာဝသည် စွတ်စိုထိုင်းမှိုင်းသည့် ရာသီဥတုကို ဖြစ်ပေါ်စေကြောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ ဆိုက်ဘေးရီးယားဒေသတွင် လေဖိအားများ ရပ်ဝန်းကြီးများ အခြေ ပျက်၍ ရေငွေ့ပါသည့်လေများ အထက်သို့ တက်လာခဲ့ကြောင်း ဦးထွန်းလွင်က ရှင်းပြသည်။

“မိုးရွာသွန်းတဲ့ အဓိကအကြောင်းရင်းက ရေငွေ့ပါတဲ့ လေတွေ ရှိနေလို့ပါ။ ဒီလေတွေ အထက်ကို တက် လာပြီး မြန်မာနိုင်ငံမှာ ဆိုရင် အစပထမမှာ တနင်္သာရီတိုင်း၊ မတ်လဆန်းလောက်မှာ မွန်ပြည်နယ်၊ မတ်လ ပထမပတ်မှာ မြစ်ဝကျွန်းပေါ် ဒေသအထိ ရောက်လာတယ်။ အခုဆို မြေလတ်ပိုင်း၊ အလယ်ပိုင်းဒေသအထိ တက်လာတယ်။ နောက်ဆက်တွဲအနေနဲ့ ဒီဒေသတွေမှာ မိုးရွာသွန်းတာ၊ လေပြင်းတိုက်တာတွေ ဆက်တိုက်ဖြစ်လာတော့တာပဲ” ဟု သူက ဆိုသည်။

မတ်လ ၁၁ ရက်နေ့က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ရန်ကုန်တိုင်းအတွင်း နေအိမ် အလုံး ၁၁၀၊ တဲ ၃၈ လုံးနှင့် ဧရာဝတီ တိုင်းအတွင်း အိမ်ခြေ ၂၀ ခန့် ပြိုကျပျက်စီးသွားခဲ့သည်ဟု မတ်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် နွေစပါးနှင့်အတူ ဆောင်းသီးနှံ များဖြစ်သည့် ပဲအမျိုးမျိုး၊ ငရုတ်၊ ပြောင်း၊ ကြက်သွန် စသည့် သီးနှံများ ပျက်စီးသွား ရသည်ဟု သိရသည်။

ဧရာဝတီတိုင်း၊ ပုသိမ် ခရိုင်အတွင်းရှိ အင်းမကျေးရွာမှ တောင်သူတဦးက “ပဲတွေက အကုန်ဆွတ်ပြီးချိန် မိုးကရွာချလိုက်တော့ ရေထိပြီး အခု အညှောင့် ထွက်ကုန်ပြီ” ဟု ပြောသည်။

ယခုအချိန်သည် စိုက်ပျိုးသီးနှံများ ရင့်မှည့်ကာ ဆွတ်ယူချိန် ဖြစ်သောကြောင့် အလေအလွင့်၊ အပျက် အစီးနှင့် ရောင်းချရာ တွင် ဈေးကောင်းမရသည့်အပြင် ဆောင်းသီးနှံအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ သီးနှံတဧကလျှင် ကျပ် ၁ သောင်းကျ ထုတ်ချေးထားသည့် ငွေများ ပြန်ဆပ်ရန် အခက်အခဲပါ ရှိလာနိုင်သည်ဟု သူကရှင်းပြသည်။

“ငရုတ်ခင်းတွေ တော်တော်ပျက်တယ်။ နွေနေပူမှ ငရုတ်ကလည်းသန်တာ ဆိုတော့ အစောပိုင်းရက်တွေမှာ မိုးက အုံ့နေတော့ ငရုတ်က အခြေအနေ မကောင်းဘူး။ မိုးက ထပ်ရွာလိုက်တော့ ပိုဆိုးသွားတာပေါ့။ အခု အခြေအနေအထိ တဖျောက်ဖျောက် ရွာနေတုန်း” ဟု ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ဒေါင်ကြီး ကျေးရွာမှ ငရုတ်စိုက်ပျိုးသူတဦးက ပြောသည်။

လက်ရှိ မိုးရွာသွန်းမှု ပမာဏမှာ ဒေသအလိုက် ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ဆိုသည်။

ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့တွင် နေရာ ကျဲကျဲ၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သည်ဟု ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

လက်ရှိ ခန့်မှန်းထားချက်များအရ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ မိုးထစ်ချုန်း ရွာသွန်းမှုများရှိနေခဲ့ပြီး ယခုတနှစ်လုံး မိုးရွာ သွန်းမှု အခြေအနေမှာ နည်းပါးမည် မဟုတ်ကြောင်း ဦးထွန်းလွင်က ဧရာဝတီကို ပြောသည်။

“မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်တွေမှာ မိုးဆက်လက် ထစ်ချုန်းပြီး ရွာဖို့ သေချာသလောက် ရှိတယ်။ တချို့ ဒေသ တွေမှာ လေပြင်းတိုက်တာတွေ ရှိလာနိုင်တယ်။ အခုမှ အစရှိသေးတော့ စောင့်ကြည့် ရဦးမယ်။ နွေကာလမှာတောင် ဒီလောက် ဖြစ်နေတာ ကျန်တဲ့ ရာသီမှာ ဒီထက်ဆိုးဖို့ရှိတယ်” ဟု သူက ဆိုသည်။

ဂျပန်ဆူနာမီနောက်ဆက်တွဲ နျူကလီးယား ဓာတ်ပေါင်းဖိုများ ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများ၌ အက်ဆစ်မိုးများ ရွာသွန်းမည်ဟု ပြောဆိုနေကြခြင်းမှာ ကောလာဟလများသာ ဖြစ်သည်ဟု ဦးထွန်းလွင်က ပြောသည်။

“နျူကလီးယား ဓာတ်ပေါင်းဖိုတွေက ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာရှိပြီး အဲဒါနဲ့ အနီးဆုံးက ရုရှား နိုင်ငံ အရှေ့ဘက်စွန်း ဒေသပါ။ သူက နျူကလီယား ဗုံးလို ပေါက်ကွဲမှာမဟုတ်ဘူး။ ဓာတ်ငွေ့တွေ ယိုစိမ့်ပြီး လူတွေကို ဓာတ်ရောင်ခြည် သင့်တာမျိုး ဖြစ်မှာပဲ စိုးရိမ်ရတာ။ အခုလောလောဆယ် ဂျပန်မှာတောင် စောင့်ကြည့်နေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်” ဟု သူက ရှင်းပြသည်။

ယခုလက်ရှိ ဂျပန်နိုင်ငံ၌ တိုက်ခတ်နေသည့် လေများသည် အားကောင်းသည့် အနောက်လေ စီးကြောင်း များ ဖြစ်သောကြောင့် ရေဒီယို သတ္တိကြွ ဓာတ်များမှာ ဂျပန်၏ အရှေ့ဘက် ပစိဖိတ် သမုဒ္ဒရာထဲသို့ ရွေ့စေမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနှင့် စိုးရိမ်စရာ မရှိသကဲ့သို့၊ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်ရန် အခြေအနေ မရှိသလောက် နည်းပါးကြောင်း ဦးထွန်းလွင်က ပြောဆိုလိုက်သည်။

8:51 PM | Posted in | Read More »

.

Recently Commented

Recently Added