ဝါဆိုလပြည့်နေ့ ရွှေတိဂုံဘုရား
ရန်ကုန် ၂ရက်နေ့ ဇူလိုင် ၂၀၁၂ —– မြန်မာ သက္ကရဇ် ၁၃၇၄ ခုနှစ်၊ ဒုတိယ ဝါဆို လပြည့်နေ့ဖြစ် သော သြဂုတ်လ ၂ ရက်နေ့တွင် ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး သုံးသိန်း ဝန်းကျင် တက်ရောက် ဖူးမျှော်ကြည်ညို ခဲ့ကြရာ ပုံမှန်ထက် ၁ဝ ဆ နီးပါး တက်ရောက်မှု ရှိကြောင်း ရွှေတိဂုံစေ တီတော် ဂေါပက အဖွဲ့မှ တာဝန်ရှိ သူများက ပြောသည်။
“ပုံမှန်ဆိုရင်တော့ ရွှေတိဂုံစေတီတော်ကို တရက်ကို ဘုရားဖူး နှစ်သောင်းခွဲကနေ သုံးသောင်းကျော်အထိ လာဖူးတာ ရှိပါတယ်၊ အခု ဒီနေ့ ဝါဆိုလပြည့်နေ့မှာ ဘုရားဖူး သုံးသိန်း ဝန်းကျင်လာဖူးပါတယ်။ ပုံမှန်ထက် ၁ဝ များတယ်လို့ ပြောရမှာပေါ့” ဟု ဂေါပက ရုံးအဖွဲ့မှူး ဦးဝင်းကြိုင် က ပြောသည်။ နိုင်ငံခြားသား ဘုရားဖူး ဧည့်သည်များလည်း ယခုနှစ် ပိုမိုလာရောက်ကြသည်ဟု ဆိုသည်။
ဓမ္မစကြာ အခါတော်နေ့ နံနက် ၅ နာရီ၌ ဆွမ်းတော်ကြီး ကပ်လှူခြင်း၊ နံနက် ၆ နာရီ ၃ဝ မိနစ်တွင် ဘာသာရေး အသင်းအဖွဲ့များက ရွှေကြာသင်္ကန်း ကပ်လှူပွဲ၊ အခမ်းအနား အဆောင်အယောင်များဖြင့် ဘုရားတပတ် လှည့်လည် ပူဇော်ခဲ့ကြသည်။
ထို့နောက် အရှေ့ဘက်မုခ်ရှိ ကကုဿန် မြတ်စွာဘုရား၊ တောင်ဘက်မုခ်ရှိ ကောဏဂုံ မြတ်စွာဘုရား၊ အနောက်ဘက် မုခ်ရှိ ကဿပ မြတ်စွာဘုရား၊ မြောက်ဘက်မုခ်ရှိ ဂေါတမ မြတ်စွာဘုရား၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ဘုရား တို့အား ရွှေသင်္ကန်း ကပ်လှူ ပူဇော်မှု ပြုလုပ်ကြသည်။
“ဘာသာရေး အသင်းအဖွဲ့တွေ၊ လူမှုရေး အသင်းအဖွဲ့တွေကလည်း စတုဒီသာ လှူဒါန်းတာတို့၊ သောက်ရေ သန့် ဗူးတွေ လှူဒါန်းတာတို့၊ အဖွဲ့လိုက် ဓမ္မစကြာ ရွတ်ဆိုတာတို့တွေ လာလုပ်ကြတယ်” ဟု ဦးဝင်းကြိုင် က ပြောသည်။
ထို့အပြင် နေ့လည် ၁ နာရီတွင် ရွှေတိဂုံစေတီတော် သြဝါဒ ဆရာတော်မှ ဘုရားဖူးများအား ဓမ္မစကြာ တရား ဟောကြားပေးသည့်အပြင် ရှေးဟောင်း ရုပ်ပွားတော် တန်ဆောင်း၌ ဂေါပကအဖွဲ့မှ ကြီးမှူးကာ ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားနှင့် ဟောပြောပွဲတရပ် ကျင်းပပေးသည်။
ရတနာဦး
ယနေ့ဒုတိယ၀ါဆိုလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမျှော်ကြသော ဘုရားဖူးများ ကို တွေ့ရစဉ်။ ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
7Day News Journal , 2August 2012
