FEC ကို တစ်နှစ်အတွင်း ရုပ်သိမ်းမည် ဟုဆို
The Voice Weekly — မြန်မာနိုင်ငံတွင် နှစ်ပေါင်း အတော်ကြာကြာ အသုံးပြုခဲ့သော နိုင်ငံခြားငွေ လဲလှယ် ရေး လက်မှတ် ( FEC ) ကို တစ်နှစ်အတွင်း ရုပ်သိမ်းနိုင် သည့် အခြေအနေ ရှိကြောင်း သြဂုတ်လ ၁ ရက်နေ့က ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်း ပုဂ္ဂလိက ဘဏ် တစ်ခု၏ Facebook စာမျက်နှာတွင် ဖော်ပြထား သည်။
သြဂုတ်လ ၁ ရက်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်( ရန်ကုန် ရုံးခွဲ) ၌ ပြုလုပ်သော စီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံပွဲက ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက FEC ကိုယခုအချိန်၌ အစိုးရ ဘီလ်အချို့ ပေးဆောင်ရခြင်းနှင့် MFTB, MICB ဘဏ်များတွင် နိုင်ငံခြား အဖွဲ့အစည်းများမှ လွှဲပို့ငွေကို ပြန်ထုတ်ပေးခြင်းများ တွင်သာ အသုံးပြု တော့ကြောင်း၊ ယင်းအတွက် FEC ကို ရုပ်သိမ်းပါက ဈေးကွက်အပေါ် သက်ရောက်မှု အင်မတန် နည်းပါး နိုင်ကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း ၎င်း Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သတ်၍ ဒေါ်လာရောင်းဝယ် ပြုလုပ်သူ လုပ်သက် ၈နှစ်ခန့်ရှိသည့် အမျိုးသား တစ်ဦးကို မေးမြန်းရာ သူတို့ဘက်က FEC ကနေ ဒေါ်လာကို လဲပေးမယ်ဆိုတဲ့ အချိန်မှာ မလုံလောက်လို့ ဘဏ်ကနေ အပြင်ထွက်ဝယ်တာနဲ့ ဒေါ်လာဈေးကလည်း တက်လာနိုင်ပါတယ်။ အကြာကြီးတော့ မဟုတ်လောက်ဘူး ဟု ၎င်းက ရှင်းပြသည်။
Foreign Exchange Law ဥပဒေအသစ်ကို လွှတ်တော်သို့ တင်ပြခဲ့ပြီး လွှတ်တော်မှ အတည်ပြုခဲ့ပြီး ဖြစ်သည့် အတွက် မကြာခင်တွင်လည်း Foreign Exchange Law ဥပဒေသစ် ထွက်ရှိတော့မည် ဖြစ်ကြောင်း ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း ၎င်း စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါ FEC မှ ဒေါ်လာသို့ လဲလှယ်ပေးရာတွင် တန်ဖိုးညီသည့် အတိုင်း လဲလှယ်ပေးမည် ဖြစ်ကြောင်း အဆိုပါ ပွဲ၌ပြောကြားခဲ့သည်ဟု အဆိုပါ စာမျက်နှာတွင် ဖော်ပြထားသည်။
