ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီး
အခက်အခဲများကြားမှ ကျောင်းသားများ၏ အရေး အရာ ကို ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန် ကွန်ပျူ တာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ကို ကျောင်း သား ၃၇ ဦးဖြင့် သောကြာ နေ့က ဖွဲ့စည်း လိုက်ကြကြောင်း သမဂ္ဂဖြစ်မြောက်ရေး ဦးဆောင် လှုပ်ရှားသူများက ပြောသည်။
“ဒီအဖွဲ့စည်းကို ဖွဲ့စည်းခဲ့တယ်ဆိုတာကလည်း ခက်ခက်ခဲခဲနဲ့ပါ။ သမဂ္ဂတခု ဖွဲ့စည်းဖို့ဆိုတာ အင်မတန် ခက်ပါတယ်။
ကျောင်းသားမိဘတွေ၊ ဆရာဆရာမတွေရဲ့ အတားအဆီး အခက်အခဲတွေလည်း အများကြီး ကြုံရပါတယ် ” ဟု သမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ ကိုဒီငြိမ်းလင်း က ပြောသည်။
မင်္ဂလာတောင်ညွှန့် မြို့နယ် ၉၈ လမ်းရှိ အဖွဲ့ဝင်တဦး အိမ်တွင် ဖွဲ့စည်းခဲ့သော သမဂ္ဂအနေဖြင့် ကွန်ပျူတာ ကျောင်းသားများ၏ အခွင့်အရေးများကို အဓိကတောင်းဆိုရန်နှင့် ပညာရေးစနစ်နှင့် ပတ်သက် သည့် ကိစ္စရပ်များ ကို ဝန်ကြီးဌာနများနှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးနိုင်ရန် စသည့် ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သမဂ္ဂတွင် ပါဝင်သူ ပထမနှစ် ကျောင်းသား ကိုရဲကျော်ကျော် က ပြောသည်။
နိုင်ငံအ၀ှမ်း ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီက အကြံဉာဏ်ပေးကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သမဂ္ဂတွင် အဖွဲ့ဝင်အများစုက ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသော်လည်း ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်သည်။ သမဂ္ဂဖွဲ့စည်းရာတွင် အာဏာပိုင်များနှင့် ဆရာ၊ ဆရာများအား တိုင်ပင်ခဲ့ခြင်း မရှိဟု ဆိုသည်။
“တကယ်က ကျနော်တို့လုပ်နေတာက နိုင်ငံရေး မဟုတ်ဘူးခင်ဗျ၊ ကျောင်းသားရေးပါ။ ဒါကို သူငယ် ချင်းတွေကိုပြောတယ်။ ဒါပေမယ့် ခုချိန်ထိ လက်မခံနိုင်ကြဘူး။ ကျောင်းသားရေးနဲ့ နိုင်ငံရေးကို ကွဲမြင်စေချင် ပါတယ်” ဟု ကိုရဲကျော်ကျော်က ဆိုသည်။
ရန်ကုန်မြို့တွင် တက္ကသိုလ် ၁၆ ခု ရှိပြီး ယခု ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ သည် ခြောက်ခုမြောက် သမဂ္ဂ ဖြစ်သည်။
ကျောင်းသား သမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီကို ယခုနှစ် ဇွန် ၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ လှိုင်သာယာ နည်းပညာ တက္ကသိုလ်နှင့် အမျိုးသား စီမံခန့်ခွဲမှု ကောလိပ် တို့တွင်လည်းကျောင်းသားသမဂ္ဂများ ဖွဲ့စည်းနိုင်ရေးအတွက် ကြိုးပမ်းသွားမည် ဟု ကိုဒီငြိမ်းလင်းက
မဇ္ဈိမကို ပြောကြားသွားသည်။
(မဇ္ဈိမ)
![](http://lh5.googleusercontent.com/_rVtSxdSzBGA/TZK5gu4QTeI/AAAAAAAAAI8/9f5LJHl3QVI/13352642.gif)