|

ယမန်နေ့ညက လှုပ်ခတ်သွားခဲ့သော မြန်မာငလျှင်

ယမန်နေ့ညက လှုပ်ခတ်သွားခဲ့သော မြန်မာငလျှင် နောက်ဆက်တွဲ သတင်း - တာချိလိတ်မှ ကလေးငယ် တစ်ဦးနှင့် ထိုင်းဘက်မှ အမျိုးသမီး တစ်ဦး သေဆုံး၊ သုံးဦးခန့် ဒါဏ်ရာရ၊ မြို့တော် နေပြည်တော်နှင့် ဗီယက်နမ်တို့တွင်လည်း အလွန်နည်ပါးသော အဖျားခတ်မှု ရှိခဲ့

 
ALeqM5gcS8c9WmpXyaPjq5QpGEfQ6ITKNw.jpg
 
ယမန်နေ့ညက အင်အား ပြင်းထန်သော ငလျှင်လှုပ်ခတ်ခြင်းကြောင့် ထိုင်းနှင့်နီးစပ်နေသော မြန်မာနယ်စပ်တွင် ကလေးငယ် တစ်ဦးအပါအ၀င် အနည်းဆုံး လူနှစ်ဦး သေဆုံးသွားခဲ့ကြောင်း ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံလုံးမှ ထုတ်ပြန်ကြေငြာသွားခဲ့သည်။ အဆိုပါ ငလျှင်လှုပ်ခတ်မှုကြောင့် ဘန်ကောက်မြို့နှင့် မနီးမဝေးရှိ အိမ်များမှာ  သိသိသာသာ ခံစားခဲ့ရကြောင်း၊ မြင့်မားသော အဆောက်အဦးများမှာ ယိမ်းထိုး လှုပ်ခတ်ခဲ့ကြောင်းနှင့် ဆေးရုံနှင့် ကျောင်းများကလည်း ဘေးကင်းရာသို့ အမြန်ရွေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြသလို ငလျှင်လှုပ်ခတ်ရာ ဗဟိုချက်မမှ မိုင် ငါးရာခန့်အကွာ ဟနွိုင်းနှင့် တရုတ်ပြည်၏ အချို့နေရာများတွင်လည်း ပျော့ပျောင်းသော ငလျှင်လှုပ်ခတ်မှုကို  ခံစားခဲ့ရသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

US Geological Survey (USGS) မှ တိုင်းတာချက်အရ Magnitude 7.0 ရှိသည်ဟု မှတ်တမ်းတင်နိုင်ခဲ့ပြီး မကြာခင်မှာဘဲ 6.8 ရှိ ငလျှင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့သလို 5.4 ရှိ ငလျှင်ငယ် တစ်ခုလည်း တဆက်တည်း လှုပ်ခတ်သွားခဲ့ကြောင်း ဖော်ပြထားသည်။ ငလျှင်လှုပ်ခတ်ရာ ဗဟိုချက်မမှာ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့နှင့် အလွန်နီးစပ်ပြီး ကီလိုမီတာ ၁၀ သို့မဟုတ် ခြောက်မိုင်ခန့်သာ ဝေးကွာသည်။ ထိုင်းနှင့် အလွန်နီးစပ်သော မြို့တစ်မြို့မှ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံဘက်မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

"ငလျှင်ကြောင့် အဆောက်အဦးတစ်ခု ပြိုလဲပြီး တာချိလိတ်မှာ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးသွားရတယ်လို့ ကျွန်တော်တို့ သတင်းရရှိထားပါတယ်"
ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦးမှ ပြောကြားသွားခဲ့ကြောင်း သိရသည်။ အခြားမြို့တစ်ခုတွင်လည်း လူသုံးဦး ဒါဏ်ရာ ရရှိသွားခဲ့ပြီး ဒေသခံများအနေဖြင့်လည်း ငလျှင်လှုပ်ခတ်မှုကို ကောင်းစွာ ခံစားသိရှိလိုက်ရကြောင်း အေအက်ဖ်ပီ သတင်းဌာနသို့ ဒေသခံတစ်ဦးမှ ပြောကြားသွားခဲ့သည်။

"ကျွန်တော်တို့ မြေမှာ ၀ပ်လှဲခဲ့ရပါတယ်။ တာဝန်ရှိသူတွေကလည်း အသံချဲ့စက်တွေနဲ့ နေအိမ် အဆောက်အဦး အပြင်ကို ထွက်ဖို့ အော်ဟစ် သတိပေးနေခဲ့ပါတယ်"
ဟု အဆိုပါ ဒေသခံတစ်ဦးမှ ပြောကြားသွားခဲ့သည်။ "ကျွန်တော်တို့ ဒီညတော့ နေအိမ်ထဲနေရမှာ ကြောက်နေပြီဗျ"ဟု ဒေသခံ တစ်ဦးမှ ဆက်လက် ပြောကြားသွားခဲ့သည်။ ထို့အပြင် "နှစ်ပေါင်း လေးဆယ် အတွင်း ဒီလို ငလျှင်မျိုး တခါမှကို မခံစားလိုက်ဖူးဘူး။ ဖန်ခွက်တွေကွဲလိုကွဲနဲ့ ကျွန်တော်ဆို ဘေးမှာ ရှိတဲ့ တိုင်ကို ကိုင်ထားရတယ်"ဟု မယ်ဆိုင်မှ ဒေသခံ အငြိမ်စားကျောင်းဆရာ တစ်ဦးမှ Reuters သို့ တယ်လီဖုန်းဖြင့် ဖြေကြားသွားခဲ့သည်။ အခြားသော မယ်ဆိုင်မှ ဒေသခံ တစ်ဦးမှလည်း "ကျွန်တော်တို့အိမ်ရဲ့ ပြတင်းပေါက်တွေ ပျက်စီးသွားတယ်။ လူတွေ အားလုံးလည်း မြေပေါ် ပစ်လှဲသွားသလို ခံစားလိုက်ရတယ်"ဟု ပြောကြားသွားခဲ့ကြောင်း သတင်းများအရ သိရသည်။ 

Aid Group World Vision မှ ပြောကြားရာတွင် ငလျှင်ဒါဏ်ကြောင့် တံတား တစင်း ကျိုးပျက်သွားခဲ့ကြောင်း ဆိုထားသည်။ "ဖြစ်တဲ့နေရာဟာ ဒီနိုင်ငံရဲ့ တောင်တွေပေါ်တဲ့နေရာ ပါ။ ပြီးခဲ့တဲ့ တစ်ပတ်လုံးလည်း မိုးတွေ ရွာနေခဲ့ပြီး ဒီငလျှင်ကြောင့် တောင်ပြို မြေပြိုတာတွေလည်း ဖြစ်လာတာမျိုးကို သတိထားရပါမယ်"ဟု World Version Myanmar မှ လူထုဆက်သွယ်ရေး မန်နေဂျာ Jenny Maclntyre က ပြောကြားသွားခဲ့သည်။
100_20.gif


တာချီလိတ်မြို့နှင့် နယ်ခြားချင်း ဆက်စပ်နေသော ထိုင်နိုင်ငံဘက်မှ ရဲအရာရှိတစ်ဦးမှ အသက် ၅၃နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သူမ နေအိမ်မှ အုတ်နံရံ သူမအပေါ် ပြိုကျပြီး သေဆုံးသွားခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အမျိုးသမီး၏ နေအိမ်မှာ မခိုင်မခံဖြင့် တည်ဆောက်ထားသော နေအိမ်ဖြစ်ပြီး တစုံတရာလှုပ်ခတ်မှုကို ခံနိုင်မည်ပုံ မရှိခဲ့ဟု အေအက်ဖ်ပီသို့ ပြောကြားသွားခဲ့သည်။ ချင်ရိုင်း အုပ်ချုပ်ေ၇းမှူးဖြစ်သူ ဆွန်ချိုင်းဟတာရာတန်တီက အဆိုပါ အမျိုးသမီး သေဆုံးခဲ့ကြောင်းနှင့် ၄င်း၏ ဒေသအတွင်း ငလျှင်ဒါဏ်ကို သိသိသာသာ ခံစားခဲ့ရကြောင်း အတည်ပြုသွားခဲ့သည်။ မြင့်မားသော အဆောက်အဦးများမှ လူများကို ဘေးကင်းရာသို့ ရွေ့ပြောင်းပေးထားပြီး မယ်ဆိုင်ခရိုင်ဆေးရုံမှ လူနာများအားလုံးကို လည်း ချင်ရိုင်းသို့ ပြောင်းရွေ့ဖို့ အမိန့်ထုတ်ထားကြောင်း ၄င်းက ဆက်လက် ပြောကြားသွားခဲ့သည်။

ငလျှင်သည် ချင်းရိုင်းမှ မြောက်ဘက် ကီလိုမီတာ ၉၀ (မိုင် ၆၀)အကွာ၊ ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော်လည်းဖြစ် ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်းကားရာ ချင်းမိုင်မှ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၃၅ (မိုင် ၁၅၀) အကွာတွင် လှုပ်ခတ်သွားခြင်း ဖြစ်သည်။ ဘန်ကောက်မြို့မှ အထပ်မြင့် အဆောက်အဦးများသည်လည်း တုန်ခါသွားခဲ့သည်။

မြန်မာနိုင်ငံနှင့် နယ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံဘက်တွင်တော့ ယူနန်ပြည်နယ်၏ အနောက်တောင်ဘက် အခြမ်း၊  မြန်မာနယ်စပ်မှ ကီလို ၄၀ခန့်အကွာရှိ ရွာသူရွာသားများက မိနစ်အနည်းငယ်လောက် ငလျှင်လှုပ်ခတ်မှုကို ခံစားလိုက်ရကြောင်းကို ရှင်ဝှာသတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရသည်။ ငလျှင်ဗဟိုချက်မမှ ကီလိုမီတာ ၉၀၀ခန့်အကွာ နန်နင်းမြို့မှ လူများသည်လည်း အဆိုပါ ငလျှင် လှုပ်ခတ်မှုကို သိရှိလိုက်ရကြောင်း ရှင်ဝှာသတင်းဌာနက ဆက်လက် ပြောကြားခဲ့ပြီး တစုံတရာ ထိခိုက်မှု မရှိကြောင်း ပြောကြားခဲ့သည်။

ငလျှင်ဗဟိုချက်နှင့် ဝေးကွာလှသော ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင်လည်း စက္ကန့်အနည်းငယ်ခန့် ငလျှင်အဖျားခတ်မှုကို ခံစားလိုက်ရသည်ဟု သိရသည်။ အချို့သော ဟနွိုင်းနေ ပြည်သူများကလည်း နေအိမ်အတွင်း နေထိုင်ရင်း သိရှိလိုက်ကြောင်း ပြောကြားခဲ့သည်။ ဆယ်ထပ်တိုက်တွင် နေထိုင်သော အသက် ၃၆နှစ်အရွယ် ငုရင်သီဟုန်ဟန်က အလှမွေးရေကန်ထဲမှ ရေများ လှုပ်ခတ်သွားသည်ကို သူမ၏ ခင်ပွန်းဖြစ်သူက သတိပေး ပြောကြားခဲ့သည်ဟု ဆိုလိုက်သည်။ "လမ်းမပေါ်က လူတွေ အပြေးအလွားတော့ ဖြစ်သွားတယ်။ လူတွေအားလုံးဟာ အိမ်တွေထဲကနေ ကမန်းကတန်း ပြေးထွက်ခဲ့ကြပါတယ်"ဟု သူမ က ပြောကြားခဲ့သည်။ ထို့အပြင် အသက် ၃၇နှစ်အရွယ် ဒန်ဟုန်အမ်သီကလည်း သူမ နေထိုင်ရာ ၁၇ထပ်ရှိ နံရံတွင် ချိတ်ဆွဲထားသော ပန်းချီကားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။ "အားလုံး ပြေးထွက်ကြတယ်။ မြင်လိုက်ရတာတော့ တခြားသူတွေ အားလုံးလည်း အဆင်းလှေခါးတွေမှာ အလုအယက်ပါဘဲ"ဟု တက္ကသိုလ်တစ်ခုမှ ဆရာမက ပြောကြားခဲ့သည်။
 

မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင်လည်း အဆိုပါ ငလျှင်ကို သိသိသာသာ ခံစားလိုက်ရကြောင်းနှင့် မြန်မာပြည် အလယ်ပိုင်း မန္တလေးမြို့မှာလည်း ငါးစက္ကန့်လောက် လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်ခန့်ကလည်း ဂျပန်နိုင်ငံတွင် အလွန်တရာ ဆိုးဝါးလှသော ငလျှင် တစ်ခု လှုပ်ခတ်သွားခဲ့ပြီး လူပေါင်း နှစ်သောင်း ခုနှစ်ထောင် လောက် သေဆုံး ပျောက်ဆုံးလျက် ရှိပြီး ဖူကူရှီးမား အရပ်ရှိ နူကလီးယားစက်ရုံမှာလည်း အန္တရယ်အဆင့်နှင့် ကြုံတွေ့နေရသည်။ ယမန်နေ့က ဖြစ်ပွားခဲ့သော ငလျှင်နှင့် ပတ်သက်ပြီး ဆူနာမီ သတိပေးချက် တစုံတရာ မရှိကြောင်း နှင့် အန္ဒိယသမုဒ္ဒရာနှင့်လည်း အလွန်တရာ ဝေးကွာလှကြောင်း အမေရိကန် ငလျှင်ဗေဒပညာ၇ှင်များက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ လေးရက်နေ့တုန်းကလည်း မြန်မာနှင့် အန္ဒိယနယ်စပ် အင်ဖာ အနောက်မြောက်ဘက် မိုင်၃၀ခန့်အရပ်ကို ဗဟိုပြုပြီး အင်အား ၆.၄ ရှိ ငလျှင်တစ်ခု အပျက်အစီး အထိအခိုက်မရှိဘဲ လှုပ်ခတ်သွားသေးသည်။
  
Source: http://mutdfan.com မှ တစ်ဆင့်ဖော်ပြပါသည်။

Posted by Unknown on 12:40 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response