လှည်းတန်းခုံးကျော်တံတားအား ၂၀၁၃ ခုနှစ် ဧပြီလကုန်၌ အပြီးသတ် ဆောက်
လှည်းတန်းခုံးကျော်တံတားအား ၂၀၁၃ ခုနှစ် ဧပြီ လကုန်၌ အပြီးသတ် ဆောက်လုပ်နိုင် ရန် ဆောင်ရွက် မည်ဟု သိရ
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် တည်ဆောက်နေသည့် လှည်းတန်း ခုံးကျော်တံတားအား လာမည့် ၂၀၁၃ ခုနှစ် ဧပြီလကုန်တွင် အပြီးသတ် တည်ဆောက် သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့ က ပြုလုပ်ခဲ့သော လှည်းတန်းခုံးကျော်တံတားနှင့် ပတ်သက်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် တံတားအား တာဝန်ယူ တည်ဆောက်နေသည့် ရွှေတောင်ကုမ္ပဏီမှ အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးခင်မောင်ဦးက ပြောကြားခဲ့ပါသည်။
လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရန်အတွက် မီးပွိုင့်အနီး လေ့လာဆန်းစစ်မှု လုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လ ၁ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့ တွင် ပြီးစီးခဲ့ကာ မတ်လ ၁၁ ရက် နေ့က ပန္နက်တင်အခမ်းအနား ပြုလုပ်၍ အကြိုအင်ဂျင်နီယာ လုပ်ငန်း များ စတင်ခဲ့ကြောင်း သိရသည်။
''လှည်းတန်းမှာ ခုံးကျော်တံတား ဆောက်ဖို့အတွက် ယာဉ်သွားလာမှု စစ်တမ်းကောက်ယူခဲ့တဲ့ နေရာမှာ လှည်တန်းလမ်းဆုံက ယာဉ်သွားလာမှု များပြားပြီး မဖြစ်မနေ ခုံးကျော်တံတားဆောက်ရမယ့် အနေအထား
ဖြစ်နေပါတယ်။ တံတားကို ဘိုးပိုင်စလုပ်တဲ့အချိန်ဟာ ဇွန်လဖြစ်ပါတယ်။ တံတားကို လာမယ့် ၂၀၁၃ ခုနှစ် ဧပြီလကုန်လောက်မှာ အပြီးသတ် တည်ဆောက်နိုင်မယ်လို့ မှန်းထားတဲ့အတွက် ၁၀ လလောက် ပဲအချိန် ရတယ်'' ဟု ရွှေတောင်ကုမ္ပဏီမှ အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးခင်မောင်ဦးက ဆိုပါသည်။
လှည်းတန်းခုံးကျော်တံတား ဆောက်လုပ်ရန်အတွက် ဘတ်ဂျတ်အနေဖြင့် ငွေကျပ် ၁၄ ဒသမ ၄၈၇ ဘီလီယံကုန်ကျမည်ဟု လျာထားကြောင်း၊ ယင်းငွေကြေးများကို တံတားတည်ဆောက်သည့် ရွှေတောင် ကုမ္ပဏီမှ ဦးစွာစိုက်ထုတ် လုပ်ဆောင်ရမည်ဖြစ်ပြီး တံတားပြီးစီးမှ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီက ပြန်လည်ပေးချေသွားမည်ဖြစ်သည်။
တံတားတည်ဆောက်ရန်အတွက် ရွှေတောင်ကုမ္ပဏီသည် ကမ္ဘောဇဘဏ်မှ ငွေကျပ်သုံးဘီလီယံ၊ စက်မှု လက်မှု ဘဏ်မှ ငွေကျပ်သုံးဘီလီယံချေးယူကာ ပြုလုပ်နေကြောင်း လှည်းတန်းခုံးကျော်တံတားမှာ လက်ရှိလုပ်ငန်းပြီးစီးမှု ၆၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Eleven Media Group