|

လွှတ်တော်လုံခြုံရေး ပွဲလမ်းများပိတ်ပင်

လွှတ်တော်လုံခြုံရေး ပွဲလမ်းများပိတ်ပင်


နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် လွှတ်တော်အစည်းအဝေး များအတွက် နိုင်ငံတ၀န်း လုံခြုံရေး တင်းကျပ်ထားပြီး ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူးအကြို ပွဲလမ်း  များ အပါအဝင် ပွဲတော်များ ကျင်းပခွင့် ကန့်သတ်ထားကြောင်း သိရသည်။

IMG_0799x400
ရန်ကုန် လသာမြို့နယ်တွင် တရုတ်နှစ်သစ်ကူးအကြို နဂါးအက ကနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
တရုတ်လူမျိုး အများစုနေထိုင်ရာ ရန်ကုန်မြို့ လသာမြို့နယ်တွင် နှစ်စဉ် ပြုလုပ်လေ့ရှိသော တရုတ် နှစ်သစ်ကူး ဈေးရောင်းပွဲကို လုံခြုံရေးအရ ယခုနှစ် တွင် ကျင်းပခွင့်မပြုနိုင်တော့ ကြောင်း လသာမြို့နယ် ရဲစခန်းမှ ရဲဝန်ထမ်း တဦး က ပြောသည်။

“မဟာဗန္ဓုလ လမ်းမကြီးပေါ်မှာ သံဈေး ကနေ လသာအထိ ကားလမ်းပိတ်ပြီး ဈေးရောင်းခွင့်ပေးခဲ့တဲ့ ၂၄ နာရီ ဈေး ရောင်းပွဲကို ဒီနှစ် လုံခြုံရေးအရ ခွင့်မပြု ဘူး။ ညနေပိုင်းကနေ ညအထိ ဈေးသည်တွေ သူ့ဟာသူ စုရောင်းတာမျိုး လောက်ပဲ လုပ်ခွင့် ပေးထား တယ်။ အထက်က ညွှန်ကြားချက်ကြောင့် ခွင့်မပြုတာပါ” ဟု ၎င်းကဆိုသည်။

ယမန်နှစ်ကလည်း အဆိုပါ တရုတ်နှစ်သစ်ကူး ဈေးရောင်းပွဲတော် ကျင်းပမည့် ရက်သည် ပြည်ထောင် စုနေ့နှင့် နီးကပ်နေသောကြောင့် လုံခြုံရေးအကြောင်းပြကာ ကျင်းပခွင့် မပြုခဲ့ကြောင်း သိရသည်။

တရုတ်ရိုးရာ နဂါးကပွဲ၊ နဂါးအကပြိုင်ပွဲများကို သက်ဆိုင်ရာ အာဏာပိုင်များက နားလည်မှုဖြင့် ခွင့်ပြုထား သော်လည်း တာဝန်ခံသူက လုံခြုံရေးအတွက် အပြည့်အ၀ တာဝန်ယူမှသာလျှင် ပွဲကျင်းပခွင့် ရမည်ဟု လသာမြို့နယ် အတွင်းရှိ တရုတ် ဘုံကျောင်း တာဝန်ရှိသူများက ပြောသည်။

တရုတ်နှစ်သစ်ကူး ပွဲတော်များသာမက ဗုဒ္ဓဘာသာ ရဟန်းသံဃာများ၏ တရားပွဲများ၊ စာပေဟော ပြောပွဲများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ပြုလုပ်မည့် ဈေးရောင်းပွဲများ၊ စင်တင် တေးဂီဖျော်ဖြေပွဲများ အပါအ၀င် ပွဲတော်များကိုပါ ကျင်းပခွင့် ခေတ္တ ပိတ်ပင်ထားကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (တယက) ရုံးမှ သိရသည်။
IMG_0771x400
ယခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ဈေးရောင်းပွဲ ကျင်းပခွင့်မရတော့ဘဲ ဈေးသည်များ စုရုံးရောင်းချခွင့်သာ ရှိတော့သည် (ဓာတ်ပုံ - ဧရာဝတီ)


“ပွဲတော်တွေကို ပွဲမိန့် ချမပေးဘူး။ အထူး သဖြင့် အများပြည်သူနဲ့ သက်ဆိုင်တဲ့ လမ်းမတွေ၊ ကွင်းပြင်မျိုးတွေမှာ လုပ်မယ့် ပွဲမျိုးတွေကို လုံခြုံရေးအရ ရက်ပိုင်း လောက် ခဏ ဆိုင်းငံ့ထားခိုင်းပါတယ်” ဟု တယက ၀န်ထမ်းတဦးက ဆိုသည်။

 
 
 
 
သို့ရာတွင် မြို့နယ်နှင့် ရပ်ကွက် အာဏာ ပိုင်များ၊ အာဏာပိုင် အဖွဲ့အစည်းများ ကိုယ်တိုင် တာဝန်ခံသော ပွဲများ၊ တရားပွဲ များကိုမူ ခြွင်းချက်ဖြင့် ခွင့်ပြုထားသည်။

ရန်ကုန်မြို့တွင် ယခုရက်ပိုင်း လုံခြုံရေး အထူးတင်းကျပ်ထားပြီး ည ၁၁ နာရီကျော် သည်နှင့် လမ်းမ များပေါ်တွင် ဖြတ်သန်း သွားလာသော ကားများ၊ လမ်းသွား လမ်းလာများကို စစ်ဆေးခြင်းများ ပြုလုပ် လျက်ရှိသည်။

နေပြည်တော်တွင်လည်း အလားတူ လုံခြုံရေးတင်းကျပ်မှုများ ပြုလုပ်ထားပြီး ဈေးဆိုင်များ၊ စားသောက် ဆိုင်များမှာ ညနေ ၆ နာရီတွင် ပိတ်သိမ်းထားရကြောင်း၊ ညစဉ် လုံခြုံရေး ရဲနှင့် စစ်ကားများ နေပြည်တော် လမ်းမများပေါ်တွင် လှည့်လည် နေကြောင်း ဒေသခံများက ပြောသည်။

ရွေးကောက်ပွဲ မတိုင်ခင်ကနှင့် ယခုနှစ် လွတ်လပ်ရေးနေ့ မတိုင်မီကလည်း နေပြည်တော်ရှိ စားသောက် ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များကို စောစီးစွာ ပိတ်ခိုင်းခဲ့သော်လည်း ရက်ပိုင်းခန့်သာဖြစ်ကြောင်း၊ ယခုတကြိမ်တွင် အနည်းဆုံး နှစ်ပတ်ခန့် ကြာမြင့်မည်ဟု သိရကြောင်း နေပြည်တော် ရယက တဦးက ဆိုသည်။

“ဒီတခါ ဘယ်လောက်ကြာမယ်ဆိုတာ မပြောဘူး။ လွှတ်တော် အစည်းအဝေးတွေပြီးမှလို့ ကြားတယ်” ဟု သူက ပြောသည်။

ထိုသို့ ဈေးဆိုင်များ စောစီးစွာပိတ်ရသဖြင့် ရောင်းအားကျပြီး ဈေးဆိုင်ရှင်များ စိတ်အနှောင့်အယှက် ဖြစ် နေရသည်ဟု သိရသည်။

“နေပြည်တော် ဖြစ်လာမှပဲ ဒီလို ဆိုင် ခဏခဏ  ပိတ်နေရတယ်။ ရောင်းအားကျတယ်။ ကျနော်တို့ ဆိုင် က ပုံမှန် ၁၁ နာရီ ထိုးမှ ပိတ်တာပါ။ အခုလို ၆ နာရီ ပိတ်ရတော့ အရမ်းနစ်နာတယ်” ဟု ဒေသခံ လက်ဖက်ရည်ဆိုင် ပိုင်ရှင် တဦးက ဆိုသည်။

ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို နေပြည်တော်၌ လည်းကောင်း၊ ပြည်နယ်နှင့်တိုင်း လွှတ်တော်အစည်းအဝေး များကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်များတွင် လည်းကောင်း ယနေ့မှ စတင်၍ တပြိုင်နက်တည်း ကျင်းပလျက်ရှိသည်။

Posted by Unknown on 9:57 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added