|

တီဗွီဂိမ်းကြောင့် နမ့်ခမ်း/ မူစယ်ကျောင်းသားများ စာရိတ္တပျက် မိဘများစိုးရိမ်ပူပန်နေကြရ

တီဗွီဂိမ်းကြောင့် နမ့်ခမ်း/ မူစယ်ကျောင်းသားများ စာရိတ္တပျက် မိဘများစိုးရိမ်ပူပန်နေကြရ 

 

ယခု ၂ နှစ်အတွင်းသျှမ်းပြည်မြောက်ပိုင်း မူစယ်နှင့် နမ့်ခမ်းမြို့တို့တွင် ဂိမ်းဆိုင်ပေါများလာသည်နှင့်အညီ အလယ်တန်းအထက် တန်းကျောင်းသူ/သားများလည်း ကျောင်းပြေး ဂိမ်းလောင်းကစား စာရိတ္တ ပျက်ပြားလာသဖြင့် သားသမီးများအတွက် အုပ်ထိန်းသူ မိဘများပူပင်သောက ရောက်ရကြောင်း သျှမ်းပြည် မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုသည်။

တီဗွီဂိမ်းကစားနေသည့် ခေတ်လူငယ်များ

“ဒီ ၂ နှစ်အတွင်းနမ့်ခမ်းမှာ ဂိမ်းဆိုင် ၁၄- ၁၅ နေရာတိုးလာတယ်။ လိုင်စင်နဲ့တရားဝင်ဖွင့် တာ မဟုတ်ဘူး။ နအဖအာဏာပိုင် အဆင့်အဆင့်ကို ခွံ့ကျွေးလာဒ်ထိုးပြီးဖွင့်ထားတာ။ ပိုင်ရှင်ကလဲတရုတ် တွေချည်းဘဲ။ကောင်းနောင်မို နဲ့မိုခမ်းရပ်ကွက်မှာအများ ဆုံး။ အင်တာနက် အွန်လိုင်းဂိမ်းလဲရှိတယ်”- ဟုကောင်းနောင်မိုရပ်ကွက်မှကျောင်းသား မိဘ တဦးကပြောပြသည်။

အသက် ၁၂ နှစ် နှင့် ၁၆ နှစ်ကြား ကျောင်းသားများ ကျောင်းပြေးမှုအများဆုံးဖြစ်ပြီး ဂိမ်းဆိုင်သို့စုပြုံ ရောက်ရှိ နေကြကြောင်း မိဘ ထံမှရသည့်မုန့်ဖိုးဖြင့် ဂိမ်းလောင်းကစားကြရာ စာရိတ္တပျက်ပြားလာမှု အပေါ် နေ့စဉ်နှင့်အမျှ အုပ်ထိန်းသူ/မိဘ/ဆရာများကစိုးရိမ် ပူပန် နေကြရကြောင်း ကျောင်းဆရာမ တဦးကလည်းပြောပြသည်။

“နေ့တိုင်းကျောင်းပြေးကြတယ်။ များသောအားဖြင့်  ၆ တန်းကနေ ၁၀ တန်းအထိ ကျောင်းသားတွေပေါ့။ အနည်းဆုံး တကျောင်း လုံးရဲ့ ၃၀% ကျောင်းပြေးပြီး ဂိမ်းဆိုင်ရောက်နေတယ်။ မိဘတွေပေးလာတဲ့ မုန့်ဖိုး ၂၀၀၀- ၃၀၀၀  လဲ ဂိမ်းလောင်းပစ်ကြတယ်။ ဂိမ်းဆော့ခက တနာရီကျပ် ၂၀၀ နဲ့ ၃၀၀ ကြားပေး ရတယ်။ ဂိမ်းမဆော့ဘဲအင်တာနက် ကနေ တခြားဗဟုသုတရှာကြည့်ရင်တော့ အကျိုးဖြစ်တာပေါ့။ အခုလိုဂိမ်းဘဲဆော့ လောင်းကစားလုပ်နေတော့ အကျင့်စာရိတ္တတွေပျက်ကုန်တာပေါ့”
- ဟု ဆို၏။

အင်တာနက်/ ဂိမ်းဆိုင်များအဖို့ ဌာနဆိုင်ရာ နအဖအာဏာပိုင်များအား တလလျှင်ကျပ်သိန်းချီပေးကျွေး လဒ်ထိုးရကြောင်း မိုခမ်း ရပ်ကွက်မှ ဆိုင်ပိုင်ရှင်တဦးကပြောပြသည်။

“ဂိမ်းဆိုင်တဆိုင်အတွက် SB ၊ ရဲ (နယ်ထိန်း၊မြို့နယ်မှူး)၊ စရဖ၊ စည်ပင်၊ လဝက၊ မယက + ထွေအုပ် ကိုလတိုင်း ကျပ် ၄-၅ သိန်း အနဲဆုံးပေးရတယ်။ ၇-၈ ဌာဆိုတော့ တလကျပ်သိန်း ၄၀ - ၅၀ ကုန်တယ်” -ဟု ၄င်းကပြောသည်။

နမ့်ခမ်းမြို့အပြင် မူစယ်မြို့တွင်လည်း ယခုနှစ်အတွင်း အလားတူ ဂိမ်းဆိုင်အများအပြားတွေ့ရ ကြောင်း၊ မြို့လယ် လမ်းမကြီး တ လျှောက် ၁၆ ဆိုင်ရှိပြီး မြို့တွင်းတခြားလမ်းများ၌လည်း ရှိသေးကြောင်း၊ ၂၄ နာရီ ဖွင့်ဆိုင်လည်းရှိ ကြောင်း၊ ဂိမ်းလောင်း ကစား တွင်ကျယ်မှု၌ ကျောင်းသားများသာမက လူကြီးများ လည်း ကျပ်သိန်းချီ လောင်းကစား ကြကြောင်း၊ တရားမဝင်ဂိမ်း ဆိုင်များအား လွန်ခဲ့သည့် ၄-၅ နှစ်က နအဖအာဏာပိုင်တို့ တကြိမ်ဝင်ဖမ်းခဲ့ဖူးကြောင်း၊ နောက်ပိုင်း အရေးယူမှုမရှိတော့သဖြင့် ဂိမ်းဆိုင်များ ၂၀၁၀ နှစ်ဦးပိုင်းကစ၍ ပြန်လည်ပေါများလာသည်နှင့်အမျှ ခိုးဆိုးလုယက်မှုလည်း များပြားလာကြောင်း မူဆယ်မြို့မှ ရပ်မိရပ်ဖ တဦးကပြောပြသည်။

Posted by Unknown on 2:09 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response