ဆန်စပါး အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ ဖွဲ့စည်း
![]() |
ဧရာဝတီတိုင်းဒေသမှာ လောလောဆယ် ရေမြုပ် နေတဲ့ ဧက ပေါင်း ၂ သိန်းခွဲ နီးပါးလောက် ရှိနေ |
BBC News
ဧရာဝတီတိုင်းမှာ ရေကြီး ရေလွှမ်းခဲ့ လို့ လယ်ဧက သိန်းနဲ့ ချီ ရေမြုပ်ခဲ့ပြီး၊ ဆန် စပါး အခက်အခဲ ကြုံတွေ့ နိုင် တာကြောင့် အရေးပေါ် ကယ်ဆယ်ရေး EERT အဖွဲ့ကို ဆန် စပါး လုပ်ငန်း ရှင်တွေ ဦးဆောင် ဖွဲ့စည်းခဲ့ပါတယ်။
ရန်ကုန်မှာ အဆိုရင် ဆန်ကြမ်းဈေး တက်မယ့် အနေအထား ရှိတဲ့ အတွက် ဒီ EERT အဖွဲ့ကနေ ဆန်အိတ်ပေါင်း ၉ သောင်း ၂ ထောင်ကို ဈေးကွက်ထဲ ရောင်းချပေးလိုက်ပြီ ဖြစ်ကြောင်း အဖွဲ့ရဲ့ ဗဟို အလုပ်အမှုဆောင် နဲ့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ်ရဲ့ အကြီးတန်း သုတေသန ပညာရှင် ဒေါက်တာ စိုးထွန်းက ဘီဘီစီကို ပြောပါတယ်
ဒီလို ရောင်းချတဲ့ နေတရာမှာ တဦးချင်း ရောင်းချဖို့ မဖြစ်နိုင်တဲ့ အတွက် တင်ဒါ စနစ်နဲ့ ရောင်းချပေး ခဲ့ကြောင်း၊ အရံဆန် ကော်မတီမှာလည်း ဆန်အလုံ အလောက်ရှိကြောင်းနဲ့ ဈေးကွက် လိုအပ်ချက်ရှိတာနဲ့ ထုတ်ရောင်းပေးမှာ ဖြစ်ကြောင်း ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်တွေ ကတော့ ရေကြီး ရေမြုပ်ဆိုင်ရာ သတင်း အချက်အလက်တွေ စုစောင်း ဖို့၊ ရေမြုပ်နေတဲ့ နေရာတွေမှာ ပြန်လည် စိုက်ပျိုးရန် လိုအပ်မှုရှိမရှိ သုံးသပ် ဖေါ်ထုတ်ဖို့၊ ပြန်လည် စိုက်ပျိုးမယ် ဆိုရင်လည်း မျိုးစပါးကို အချိန်မီ ဖြန့်ဖြူး ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ဖို့ တို့ဖြစ်တယ်လို့ ဆိုပါ တယ်။
နောက်ပြီး ထိခိုက်တဲ့ စိုက်ခင်းတွေကို သွင်းအားစုတွေ ပံ့ပိုးပေးဖို့နဲ့ ရာသီဥတု ပြောင်းလဲမှုတွေကို တောင်သူ လယ်သမားတွေ သိရှိပြီး၊ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင် နိုင်ရေးတို့ ပါဝင်တယ်လို့လည်း သူက ပြော ပါတယ်။
အခုဆိုရင် ဧရာဝတီတိုင်း ဒေသမှာ စုစုပေါင်း ရေမြုပ်ဧက ၃ သိန်းနီးပါး ရှိရာကနေ၊ ရေကျလို့ ပြန်ပေါ်လာတဲ့ လယ်ဧကဟာ ၆ သောင်းနီးပါးရှိပြီး၊ လောလောဆယ် ရေမြုပ်နေတဲ့ ဧက ပေါင်း ၂ သိန်းခွဲ နီးပါးလောက် ရှိသေးတယ်လို့ သိရပါတယ်။
