Apple က iPad 3 ကို မတ်လပထမပတ်တွင်
Apple က iPad 3 ကို မတ်လပထမပတ်တွင် ထုတ်ဖော်ပြသ ဖြန့်ချီတော့မည်ဟု သိရ
Apple အနေနဲ့ နောက်ထပ် iPad Version တစ်ခုအဖြစ် iPad 3 ကို မတ်လ ပထမပတ်မှာ ထုတ်ဖော်ပြသ ဖြန့်ချီတော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ AllThingsD ရဲ့ အဆိုအရ iPad 3 ကို မတ်လပထမပတ်မှာ ဆန်ဖရန်စစ္စကိုမှာ သီးသန့် ကျင်းပမယ့် ပွဲတစ်ခုမှာ တစ်လောကလုံး ပွက်ပွက်ညံ သွားအောင် ရောင်းကောင်းခဲ့တဲ့ အိုင်ပက်တွေရဲ့ မျိုးဆက်တစ်ခု ဖြစ်တဲ့ iPad 3 ကို ကြော်ငြာမယ်လို့ ဆိုပါတယ်။
အခုလို မတ်လတွေမှာ Apple အနေနဲ့ ထုတ်ကုန် အသစ်ကို မိတ်ဆက်မယ်ဆိုပြီး အသံတွေ အကြိမ်ကြိမ် ထွက်နေခဲ့တာ ကြာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ AllThingsD လို နာမည်ကြီး Website တစ်ခုက ထုတ်ပြန်တာ ဖြစ်တဲ့အတွက် သေချာသလောက်ပဲလို့ ခန့်မှန်းရပါတယ်။
နောက်ထပ် iPad အသစ်မှာ သေချာတာ တစ်ခုကတော့ အိုင်ပက်အနေနဲ့ စတိုင်ထွက်ပြီးသား အရှိန်ကို ဆက်ထိန်းမှာ သေချာတယ်လို့ ခန့်မှန်းရပါတယ်။ လွန်ခဲ့တဲ့ မတ်လတုန်းက ဖြန့်ချိခဲ့တဲ့ iPad 2 အနေနဲ့ အရောင်းစွံခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပြိုင်ဖက်တွေ အများကြီး ရှိလာပေမယ့် တက်ဘလက်တွေ အရောင်းဈေးကွက်ရဲ့ ရှယ်ရာကို အများဆုံး ပိုင်ဆိုင်ပြီး သရဖူဆောင်းနိုင်ခဲ့ပါတယ်။
ဒီနှစ်မှာတော့ ဒီထက်များတဲ့ ပြိုက်ဖက်တွေကို Apple အနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အဓိက အားဖြင့် ဈေး သက်သာတဲ့ Amazon တို့ Asus တို့က ထုတ်ကုန်တွေ ရင်ဆိုင်ယှဉ်ပြိုင်ရမယ်လို့ ခန့်မှန်းကြပါတယ်။
နောက်တစ်ကြိမ် ထွက်ပေါ်လာမယ့် iPad ဟာ iPad 2 နဲ့ ဒီဇိုင်းတူမယ်လို့ ခန့်မှန်းကြပြီး၊ ပိုမြန်လာမယ်၊ Graphic Processor ပိုကောင်းလာမယ်၊ Resolution ပိုကောင်းလာမယ်လို့ AllThingsD က အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တစ်ခုအရ ဖော်ပြခဲ့ပါတယ်။ တက်ဘလက်အနေနဲ့ 2048×1536 အချိုးရှိပြီး Retina Display ပါလာလိမ့်မယ်လို့လဲ သိရပါတယ်။ iPhone 4 နဲ့ iPhone 4S တို့မှာလို Tablet မှာလဲ သုံးတော့မယ့် သဘောလို့ ယူဆရပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကတော့ ဝက်ဝက်ကွဲရောင်းသွက်ခဲ့တဲ့ iPad အနေနဲ့ ဒီနှစ်မှာလဲ အဲဒီလို ဝက်ဝက်ကွဲ အရောင်းသွက်လေမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Apple ကတော့ အခုအချိန်အထိ iPad 3 ရဲ့ သတင်းကို ငြင်းဆိုခြင်းလဲ မပြုသေးသလို အတည်ပြုခြင်းလဲ မရှိသေးပါဘူး။
