မြန်မာဘာသာဖြင့် ဖော်ပြမည့် GPS အသုံးပြုနိုင်မည်
မြန်မာဘာသာဖြင့် ဖော်ပြမည့် GPS အသုံးပြုနိုင်မည်
"ကားမောင်းမယ့်သူ တွေက အိုင်တီနဲ့ အကျွမ်းဝင်တဲ့ သူတွေချည်း မဟုတ်ဘူး။ ဒါကြောင့် အဆင်ပြေအောင် Offline စနစ်နဲ့ လုပ် ထားတာ"


ကားမောင်းနှင်သူများ အသုံးပြုနိုင်မည့် မြန်မာနိုင်ငံ မြို့ပြမြေပုံလမ်းညွှန် မြန်မာဂျီပီအက်စ် Polar Starကို ဖေဖော်ဝါရီ ၂၅ရက် မန္တလေးမြို့တွင် ကျင်းပမည့် ကွန်ပျူတာပြပွဲ၌ တန်ဖိုး ကျပ်တစ်သိန်းခုနှစ်သောင်းကျော် (၁၇၅,၀၀၀ ကျပ်) ဖြင့် စတင် ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလအတွင်း ဈေးကွက်သို့ ဖြန့်ဖြူးတော့မည့် ယခု ထုတ်လုပ်သော ဗားရှင်းတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များအတွက် အသေးစိတ် မြေပုံများ အဆင်သင့်ပါရှိပြီး အခြားမြို့များ အတွက်မူ ထပ်မံ ထည့်သွင်းရမည် ဖြစ်ကြောင်း Technomation Studios မှ အမှုဆောင်အရာရှိချုပ် ဦးထူးမြင့်နောင်က ပြောသည်။
အင်တာနက်ဖြင့် ချိတ်ဆက် အသုံးပြုခြင်း မဟုတ်၊ Offline စနစ် ဖြစ်သည့် မြန်မာဂျီပီအက်စ် Polar Star မှာ မြန်မာဘာသာဖြင့် ဖော်ပြပေးနိုင်သည့် ပထမဆုံး ဂျီပီအက်စ်ဖြစ်ပြီး Technomation Studios မှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ "ကားမောင်းမယ့်သူ တွေက အိုင်တီနဲ့ အကျွမ်းဝင်တဲ့ သူတွေချည်း မဟုတ်ဘူး။ ဒါကြောင့် အဆင်ပြေအောင် Offline စနစ်နဲ့ လုပ် ထားတာ" ဟု အဆိုပါ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က ပြောသည်။ သို့ဖြစ်၍ ဂျီပီအက်စ်အတွင်း ထည့်သွင်းထားသည့် မြေပုံများကို ခြောက်လတစ်ကြိမ် အချက်အလက်များ Update လုပ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ မြို့ပြမြေပုံလမ်းညွှန် မြန်မာဂျီပီအက်စ် Polar Star မှာ ပေ ၃၀ အကွာအဝေးအတွင်း အတိအကျ လမ်းညွှန်ပေးနိုင်ပြီး မြေပုံကို လေးဆအထိ ချဲ့ယူကြည့်ရှု့နိုင်သည်ဟု ဆိုသည်။ မိမိသွားလိုသော လမ်းအမည် သိရုံဖြင့် သွားလိုရာ နေရာကို တွက်ချက် ရှာဖွေပေးနိုင်သည်။ အနီးဆုံး လမ်းအတိုင်း မောင်းနှင်နိုင်ရန် မြန်မာလို အသံထွက်၍ လမ်းညွှန်ပေးနိုင်သည်။ မောင်းနှင်ရာတွင်လည်း အန္တရာယ်ရှိသော အမြန်နှုန်း ဖြစ်လာပါက အသံဖြင့် သတိပေးသည့် စနစ်ကို ထည့်သွင်းထားသည်။ ထို့ပြင် မိမိရောက်ရှိနေသည့် နေရာ အနီး တစ်ဝိုက်ရှိ ဆေးရုံ၊ ဆေးခန်းများ၊ ဓာတ်ဆီဆိုင်များ၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်နှင့် တည်းခိုခန်းများကိုလည်း နေရာအတိအကျ ဖော်ပြပေးထားကြောင်း သိရသည်။
မြန်မာဘာသာနှင့် ရော အင်္ဂလိပ်ဘာသာဖြင့်ပါ မိမိကြိုက်နှစ်သက်ရာ ဘာသာစကားကို ရွေးချယ်ပေးနိုင်သည့် အဆိုပါ မြန်မာဂျီပီအက်စ် Polar Star တွင် ဂျီပီအက်စ်အတွက် သာမက Multimedia MP4 ကဲ့သို့ပါ အသုံးပြုနိုင်သည်။ ကားတွင် ပါရှိသော Audio စနစ်နှင့် တွဲဖက်ပြီး သီချင်းနားထောင်ခြင်း၊ ဗီဒီယိုကြည့်ခြင်း၊ ဓာတ်ပုံများ စုစည်းခြင်း၊ အီးဘုတ်များ ထည့်သွင်းဖတ်ရှုခြင်း၊ ဂိမ်းကစားခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။ မိုဘိုင်းဖုန်းနှင့် မြန်မာဂျီပီအက်စ် Polar Star ကို Bluetooth အသုံးပြု၍ ချိတ်ဆက် အသုံးပြုနိုင်သည်။ ကားမောင်းနေစဉ်အတွင်း ဖုန်းဝင်လာပါက Polar Star Screen တွင် ဖုန်းနံပါတ်နှင့် အမည်ကို ဖော်ပြပေးမည် ဖြစ်သည်။ ဖုန်းလက်ခံခြင်း၊ ဖုန်းခေါ်ဆိုခြင်းများကို တိုက်ရိုက် လုပ်ဆောင်နိုင်ပြီး Polar Star တွင် ပါဝင်သော Microphone ဖြင့် စကားပြောနိုင်သည် ဟုလည်း သိရသည်။
Credit: အောင်မျိုးထွန်းကျော် (ရတနာပုံ ဝဘ်ပေါ်တယ်)
© 2012 Myanmar Information Web Portal. All Rights Reserved. Designed by Myanmar Information and News.